ကျေးလက် ဒေသပညာရေးဖွ့ံဖြိုးမှု (ကရင်ပြည်နယ်)

ကျေးလက် ဒေသပညာရေးဖွ့ံဖြိုးမှု (ကရင်ပြည်နယ်)
by -
ကေအိုင်စီ
ဆင်းရဲနွမ်းပါးခြင်း၊ အတွေးအခေါ်နှင့်ခံယူချက်ကွဲပြားခြင်း၊ အကြံဉာဏ်ကွာဟမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ အခြေခံအဆောက်အဦးမပြည့်စုံခြင်း၊ စီမံခန့်ခွဲမှုတွင် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်း စသည် တို့ကြောင့် ကျေးလက်ဒေသပညာရေးဖွ့ံဖြိုးမှုနှုန်းသည် လွန်စွာနှေးကွေးလျက်ရှိသည်။

ပညာမြှင့်တင်ရေး စီမံကိန်းဆောင်ရွက်ရာတွင် အောက်ခြေမှတင်ပြလာသည့် ကိန်းဂဏန်းများကိုသာ အားထားနေရသဖြင့် ဆုံးဖြတ်ချက်တစုံတရာ ချမှတ်ရာတွင် လွှမ်းခြံုမှုအားနည်းပြီး ကန့်သတ်ချက်အမျိုးမျိုးကြောင့် နယ်မြေဒေသအသီးသီး၏ လိုအပ်ချက်အား ဖြည့်စွမ်းနိုင်ခြင်းမရှိပါ။ ဒေသအသီးသီးတို့၏ လိုအပ်ချက်သည် ခွဲခြမ်းစိပ်ဖြာစီစဉ်ဆောင်ရွက်နိုင်မှု အပေါ်မှီတည်နေသည်။

လိုအပ်ချက် အားနည်းချက်များ ဖြည့်စွမ်းပေးရန် ဆောင်ရွက်သည့်လုပ်ငန်းများတွင် သက်ဆိုင်ရာအဆင့်ဆင့်တို့၏ မျှတမှု အားနည်းသောဆောင်ရွက်မှုဖြစ်သည်ကို ကျေးလက်ဒေသရှိကျောင်းများတွင် လူထုအထောက် အပံ့ဖြင့် ရွာခန့်ဟု ခေါ်ဆိုသော ဆရာအများအပြားရှိနေခြင်းက သက်သေပြလျက်ရှိသည်။  ဤကဲ့သို့သော ဖြစ်ရပ်မျိုးများ လျော့ပါးသွားစေရန် နည်းလမ်းသစ်များဖြင့် ရှာဖွေလုပ်ဆောင်ရန် လိုသည်။

တာဝန်ပျက်ကွက်မှု မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုတို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများလိုက်နာ ဆောင်ရွက်မှု တိုးတက်လာစေရန်အတွက် အလေးထားဆောင်ရွက်သင့်သည်။ ပြည်သူလူထုပူးပေါင်းပါ ၀င်မှုအခန်းကဏ္ဍအား တိုးမြှင့်ပေးခြင်းနှင့်အတူ စည်းလုံးညီညွတ်မှု အင်အားပိုမိုရရှိရန် ဆောင်ရွက်ရပါမည်။

လုပ်ထုံးလုပ်နည်းမူဘောင်နှင့်ကင်းကွာမှုများသည့် အလှည့်ကျတာဝန်ထမ်းဆောင်ရေး အကောင်အထည်ဖေါ်မှု အားနည်းခြင်းနှင့် မူလတန်းကျောင်းအုပ်အဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင််ခဲ့သော ဆရာ၊ ဆရာမများ အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသော်လည်း မူလတန်းကျောင်းအုပ်အဖြစ်သာ ရှိနေရမည်ဟူ သော အချက်တို့ကြောင့် ၀န်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်စေကာ၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာပြီး သင်ကြားသင်ယူမှုကို ထိခိုက်စေပါသည်။

အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်ရှိသော တာဝန်ခွဲဝေချထားရေး၊ ပြောင်းရွှေ့နေရာချထားရေး၊ ဖတ်စာအုပ်အ ချိန်မီရရှိရေး စသည့်ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် နှေးကွေးမှုနှင့်ပြည့်စုံလုံ လောက်မှုမရှိခြင်းသည်လည်း သင်ကြား သင်ယူမှုကို အားနည်းစေပါသည်။

မိမိတို့၏ ကျေးရွာရှိ ကျောင်းများတွင်း အတန်းဆုံးပြီးမြောက်သော ကျောင်းသားများလွန်စွာဝေးလံသော ဒေသရှိ ကျောင်းများသို့ လည်းကောင်း နေထိုင်ရန်အဆင်ပြေသည့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့လည်း ကောင်း၊ သွားရောက်ပညာသင်ကြားနေရသည့်အခက်အခဲအားဖြေလျှော့စေရန်၊ သင့်လျော်သည့် နေရာဒေသများ တွင် မူလွန်၊ အလကနှင့်အထကကျောင်းများထားရှိရန် လိုသည်။

စည်းရုံးခြင်း ၊ ပညာပေးခြင်း လုပ်ငန်းများအား အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နေသော အခြေအနေတွင် မူကြိုကျောင်းအရေအတွက် များလာသော်လည်း အထောက်အပံ့မရရှိကြသော မူကြိုကျောင်းအချို့ ပိတ်လိုက် ရသော အခြေအနေမျိုးအားလည်း တွေ့ရှိရသည်။ ကိုယ်ထူ၊ ကိုယ်ထဖွင့်လှစ်သည့် မူကြိုကျောင်းများအတွက် ထောက်ပံ့ကြေးနှင့်မူကြိုဆရာတိုင်းအားသင့်တင့်သော ချီးမြှင့်ငွေများ ပုံမှန်ထုတ်ပေးရန်လိုအပ်သည်။

ပညာရေး အရည်အသွေးမြှင့်တင်ရေး ရည်မှန်းချက်အား အကောင်အထည်ဖေါ်နိုင်ရန် သင်ရိုးသစ်များအား သင်ကြားပေးနိုင်သော အရည်အသွေးမြင့် ဆရာ၊ ဆရာမများရရှိရေးအတွက် ရွေးချယ်လေ့ကျင့်ပေးရာတွင် အရည်အသွေး အမှန်တကယ်ရှိသော ဆရာ၊ ဆရာမလောင်းများကို ရွေးချယ်ရန်ဖြစ်သည်။ လက်ရှိရွေးချယ် မှုစနစ်နှင့်မူဘောင်တို့အရ ရွေးချယ်ခဲ့သော ဆရာ၊ ဆရာမအချို့တို့သည် ရပ်ရွာလူထုနှင့်ပူးပေါင်းလိုစိတ် ကလေးများ၏ ပညာရေးအပေါ်အာရုံစူးစိုက်မှု မိမိတို့၏တာဝန်အား အလေးထားမှု မည်သည့်ဒေသမဆို တာဝန်ထမ်းဆောင်လိုမှု စသည့်တို့တွင် အားနည်းလျက်ရှိခြင်းကြောင့် ရွေးချယ်မှုပုံစံကောင်းရှိသည်ဟု ကောက်ချက်ချရန်ခက်သည်။

ကျေးလက်ဒေသအများစုတွင် ရွာခန့်ဆရာအရေအတွက် များပြားနေရခြင်းသည် ကျောင်းသားနှင့် ဆရာအချို့မမျှ သေးသောကြောင့်ဟု အကြောင်းပြရန်မသင့်ပေ။ အခြားသော အကြောင်းအရင်းတစ်ခုဖြစ်သည့် ကျောင်းသား အရေအတွက် လွန်စွာနည်းသည့် ကျောင်းအချို့တို့တွင် ဆရာများစုပုံနေသော အခြေအနေအားလည်း ထည့်သွင်းစဉ်း စားရပါမည်။ ဖွဲ့စည်းပုံအရ ထားရှိသည်ဟူသော  အကြောင်းပြချက်အား မေးခွန်းထုတ်ရန် သင့်လှပေသည်။ ဤကဲ့သို့သော အနေအနေမျိုးဖြစ်ပေါ်နေရခြင်းသည် ဆရာ၊ ဆရာမလောင်းများ ရွေးချယ်မှုပုံစံ အားနည်း ချက်တစုံတရာရှိနေပြီဖြစ်ကြောင်းကို မီးမောင်းထိုးပြခြင်းပင်ဖြစ်သည်။

ရွာခန့်ဆရာအများစုဖြင့်သာ စာသင်နေရသော ကျေးလက်ဒေသရှိကလေးသူငယ်များအား အရည်အသွေးမြင့် သင်ကြားနိုင်သည့် အခြေအနေသို့ ရောက်ရှိရန် လိုအပ်ချက်အများအပြားရှိနေခြင်းအား ၀ိုင်းဝန်းကူညီ ဆောင် ရွက်ရန်သာ ဖြစ်သည်။ သင်ကြားသင်ယူမှုတစ်ပြေးညီရရှိရန် မျှော်မှန်းချက်အား လက်တွေ့ကျကျ အကောင်အ ထည်ဖေါ်နိုင်ရန် လတ်တလောဆောင်ရွက်သင့်သည်မှာ ဆရာ၊ ဆရာများ ရွေးချယ်မှုစနစ်နှင့်မှု ဘောင်အားဖြည့်စွက်ပြင်ဆင်ခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းနှင့်ပုံစံကောင်းများရရှိရန်ဆောင်ရွက်ခြင်း၊ ကျောင်းအသီးသီးတို့၏ သာတူညီမျှရေးကို ရှေးရှုသည့် ၀န်ထမ်းအင်အားဖွဲ့စည်းပုံကို ပြင်ဆင်ချမှတ်ပေးခြင်းပင်ဖြစ်သည်။

အထူးသဖြင့် ကျေးလက်ဒေသရှိ ကျောင်းသားများအား ကျောင်းနေမြဲရန်ဟု ထင်မြင်ရသော အောင်မြင်မှုရာခိုင်နှုန်းမြှင့်တင်ပေးခြင်းတွင် အရည်အချင်းအသင့် အတင့်ရှိသူများအပြင် အရည်အချင်း လွန်စွာနိမ့်ကျ သည့်သူများသည်လည်း အောင်မြင်မှုစာရင်းတွင်ပါလာသည်ကို လေ့လာသိရှိရသည်။ ဤကဲ့သို့ဖြစ်ရခြင်းသည် သင်ကြားသင်ယူမှုအား နည်းခြင်းဖြစ်သည်သာမက ဖိအားတစုံတရာရှိ နေခြင်းကြောင်းပင်ဖြစ်သည်။ အကျိုးဆက်သည်ကား ကျောင်းသားသူငယ်တို့၏ ကြိုးစားအားထုတ်မှုကို လျော့နည်းစေသည့်အပြင် စိတ်ပိုင်းဆိုင်ရာများကိုပါ ထိခိုက်စေပြီး အရည်အသွေးမြင့်မားရေးထက် နိမ့်ကျခြင်း အခြေအနေသို့ ဆင့်ကဲဆင့်ကဲဖြစ် ပေါ်စေမည်သာဖြစ်သည်။

ဒေသခံ ဘာသာစကားကျွမ်းကျင်မှုမရှိသော ဆရာ၊ ဆရာမအများစုဖြင့်သာ စာသင်နေကြရသည့် ကျေးလက် ဒေသရှိ ကလေးသူငယ်များ၏ ကျောင်းသင်ခန်းစာအပေါ် သိရှိနားလည်မှုနည်းပါးခြင်းကြောင့် သင်ကြားသင်ယူမှု အဆင့်တိုင်းတွင် အားနည်းလျက်ရှိသကဲ့သို့ ရွာခန့်ဆရာအများစုသာ သင်ကြားနေကြရသော ကျောင်းအချို့ရှိ ကလေးသူငယ်များ၏ သင်ယူမှုသည်လည်း အရည်အသွေးမြင့် ရရှိရန်ခက်ခဲမည်သာဖြစ်သည်။ ပြုပြင်ပြောင်း လဲမှု တစုံတရာမရှိပါက ကျေးလက်ဒေသ၏ ပညာရေးအဆင့်ဆက်လက်နိမ့်ကျနေမည်သာဖြစ်သည်။

ကျေးလက်ဒေသရှိမိဘများသည် ဆရာ မပြည့်စုံခြင်း ၊ အတန်းဆုံးအောင်မြင်ပြီးနောက် မိမိတို့၏ ကလေးများအား ကျောင်းဆက်လက်ထားရန် အခက်အခဲရှိခြင်း၊ ၁၀ တန်းအောင်နှင့်ဘွဲ့ရသော မိမိတို့၏ သားသမီးများ အလုပ်အကိုင်အခွင့်အလမ်းလွန်စွာနည်းပါးခြင်းတို့ကြောင့် ပညာရေးအပေါ်ယုံကြည်ကိုးစားမှု လျော့ပါးလာကြသည်။

ဒေသန္တရရှားပါးစရိတ်သတ်မှတ်ရာတွင် ယေဘုယျကျလွန်းသဖြင့် ဆရာ၊ ဆရာမအချို့တို့သည် တူညီသောစရိတ် ရရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်ဒေသများကိုသာ ရွေးချယ်ကြခြင်းနှင့်တာဝန်ချိန်ပြင်ပတွင် ၀င်ငွေကောင်းရရှိနိုင်သော ကျူရှင်ပြရန် သင့်လျော်သည့်ဒေသများကိုသာ ရွေးချယ်ကြခြင်းကြောင့် ဆရာနှင့် ကျောင်းသားအချိုး မညီမျှမှုကို ပိုမိုဖြစ်ပေါ်စေသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသရှိကျောင်းတို့သည် မိမိတို့ကျောင်း၏ လချုပ်စာရင်း(ပြန်တမ်း) များအား အခါအား လျော်စွာပေးပို့ကြရာတွင် အမှန်ကုန်ကျသည့် ခရီးစရိတ်အတွက် မိမိတို့၏ လစာစရိတ်တစ်ချို့ တစ်ဝက်နှင့် အသေးသုံးစရိတ်တစ်ချို့တစ်ဝက်တို့အား နားလည်မှုသဘောဖြင့် ကျခံသုံးစွဲနေရသည် ကိုလည်း လေ့လာသိရှိရသည်။ မိမိတို့၏ စရိတ်နှင့်အသေးသုံးစရိတ်များမပွန်းပဲ့စေရေးအတွက် အမှန်ကုန်သည့် ခရီးစရိတ်များကို ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သင့်ပါသည်။

ဝေးလံဒေသရှိ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၏ ပညာရေးအတွက် ခိုကိုးရာဖြစ်သော ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာများ၏ချီးမြှင့်ငွေအား လိုအပ်သလိုတိုးမြှင့် ပေးရန်နှင့် စားသောက်စရိတ်နှင့်အထွေထွေစရိတ်များကိုလည်း ပံ့ပိုးပေးရန် လိုအပ်ပါသည်။

လက်လှမ်းမမီသည့်ဒေသအချို့တွင် ငွေလုံးငွေရင်းခေါင်းစဉ်ဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား အရည်အ သွေးစစ်ဆေးမှုအားနည်းခြင်းကြောင့် စံချိန်စံညွှန်းမညီခြင်း၊ အရည်အသွေးနိမ့်ပါးခြင်းများဖြစ်ပေါ်စေသည်။

ကန်ထရိုက်တာများအား တာဝန်ပေးရွေးချယ်ရာတွင် သာတူညီမျှမှုကို အခြေခံရမည်ဖြစ်သော်လည်း နယ်မြေခံ ကန်ထရိုက်တာများ ပါ၀င်မှုနည်းပါးနေသည်ဟူသော အချက်သည် နယ်မြေခံကန်ထရိုက်တာများ အပေါ် အရည်အသွေးအကဲဖြတ်မှု ရလဒ်ဟု ယူဆရပါမည်လေ။ သိသာထင်ရှားသည့် ရွေးချယ်မှုဖြစ်ရန်လိုအပ်သည့်အပြင် စေတနာနှင့်တာဝန်ခံမှုနည်းသော ကန်ထရိုက်တာများအား စိစစ်ဖယ်ရှားရန်လိုပါသည်။

အဆောက်အဦးအတွက် မြေနေရာအနေထား လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေး ပစ္စည်းများရရှိမှု အခြေအနေ၊ စသည်တို့အား ထည့်သွင်းစဉ်းစားခြင်း မပြုသည့် တစ်ပြေးညီခန့်မှန်းခြေစာရင်းများ၏ အားနည်း ချက်ကြောင့် အဆောက်အဦးအချို့တို့၏ အရည်အသွေးကို ကျဆင်းစေသည့် အကြောင်းတစ်ရပ်ပင်ဖြစ်သည်။

ကျောင်းအကျိုးတော်ဆောင်များ ရပ်မိရပ်ဖများတို့နှင့်ပူးပေါင်းဆောင်ရွက်မှုကင်းကွာနေသည့် အချို့သော ကျောင်းတို့၏ ပြင်ဆင်ထိန်းသိမ်းခြင်းစရိတ်များ အဟောသိကံဖြစ်နေရသည်ကိုလည်း တွေ့ရှိရသည်။ ရပ်မိရပ်ဖများနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းပါ၀င်နိုင်မှုအား အဟန့်အတားဖြစ်စေသည်။ အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်ဖယ်ရှားသင့်ပါသည်။

ကျေးလက်ဒေသတို့၏ ပကတိအခြေအနေအရပ်ရပ်ကို အခြေခံပြီး သိသာပေါ်လွင်သော အစီအမံများဖြင့် အားရုံစူးစိုက်ဆောက်ရွက်ခြင်းဖြင့် ၎င်းတို့၏ ပညာရေးအရည်သွေးပိုမိုမြှင့်မားလာပေလိမ့်မည်ဟု ယုံကြည် ပါသည်။

*** စောအေးမြသည် ကရင်ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း (ကရင်ပြည်နယ်)၏ ဥက္ကဌ ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...