တောင်ယာမီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

တောင်ယာမီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။

ရပ်စောက်မြို့ ဟိုပြင်ရွာတွင်တောင်ယာမီးရှို့စဉ် မတ်လ ၂၂ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသော ဉီးဝင်းဇော်ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ဦးဝင်းဇော် ၏ မိခင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မရှိဘူး၊ ဟိုပြင်ရွာနားမှာ တိုက်ပွဲမဖြစ်ဖူးဘူး၊ အရင်က ကျောက်ဂူဘက်မှာဖြစ်တာ ကြားတယ်၊ ဝေးတယ်၊ မနီးဘူးလေ၊ တောင်ယာပဲ အမြဲတမ်းလုပ်တယ်၊ ပြောင်းဖူးတွေစိုက်တာ၊ အဖွားတို့က တောင်ယာပဲ လုပ်တာ” ဟု ဦးဝင်းဇော်၏ မိခင်က ဆိုသည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) မနက် ၁၁ နာရီ ဝန်းကျင်တွင် ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် တစ်နာရီခွဲခန့် သွားရသည့် တောင်ယာခင်းအတွင်း မီးရှို့နေစဉ် ပေါက်ကွဲမှုဖြစ်ကာ ဦးဝင်းဇော် အသက် (၄၅)မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“သူက တောင်ယာသွားရှင်းတာလေ၊ မီးရှို့တော့ ပေါက်ကွဲသွားတယ်၊ လက်တစ်ဖက် ပြတ်သွားတယ်၊ ဘယ်ဘက်လက် ပြတ်သွားတာ၊ ညာလက်လည်း ထိထားတယ်၊ မျက်နာလည်း ထိတယ်၊ ကွဲတာက ဗုံးကွဲတာလား ဘာလားတော့ သေခြာမသိဘူး” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သည့် ဦးဝင်းဇော်အား ထိုဒေသရှိ ပရဟိတအသင်းတစ်သင်းမှ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ ယခုနှစ်အတွင်း ရပ်စောက်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မိုင်းပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...