ပုသိမ်နှင့် မအူပင်ထောင်များမှ နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လွတ်

ပုသိမ်နှင့် မအူပင်ထောင်များမှ နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လွတ်
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

ဧရာ၀တီတိုင်းက ပုသိမ်အကျဉ်းထောင် နှင့် မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခံ ထားရသည့် အကျဥ်းသားများအနက် အချို့ ယခုလ ဒုတိယအပတ်အတွင်း ပြန်လည်လွှတ်မြောက်လာသည်ဟု သိရသည်။

မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပုသိမ်အကျဉ်းထောင်က အကျဉ်းသား ၅ ဦး၊ မအူပင်ထောင်က ၄ဦး ကို စစ်ကောင်စီက ၎င်းတို့စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (က) ကို ပိတ်သိမ်း၍ ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်း အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းက အကျဥ်း ဦးစီးဌာနမှ အရာရှိတစ်ဦးက “နိုင်ငံရေး လုပ်တာမှာပါလို့ သက်ဆိုင်ရာ တရား ရုံးမှာ စွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးတာပါ” ဟု ပြောသည်။

ပုသိမ်အကျဉ်းထောင်က ကျုံပျော်မြို့နယ်က CDM ကျောင်းဆရာ ကိုဟိန်းမင်းခိုင် နှင့် ဦးစိုးသက်ပိုင်၊ ရေကြည် မြို့နယ်က ကိုဇာနည်မင်းစိုး နှင့် ကိုအောင်ကို၀င်း၊ ကျောင်းကုန်းမြို့က ကိုရဲ၀င်းနိုင်တို့ ပြန်လွှတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆက်သိရသည်။

ထို့အပြင် မအူပင်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် မအူပင် မြို့ခံများ ဖြစ် ကြသည့် ဒေါက်တာနိုင်ထူး အပါအဝင် ၄ ဦး လည်း မတ်လ၁၄ ရက်နေ့က ပြန်လည် လွတ်မြောက်လာသည် ဟု သိရသည်။

“စစ်တပ်က အာဏာသိမ်းတာ မကြိုက်လို့ ဆန့်ကျင်ဆန္ဒဖော် ထုတ်ကြတာမှာ အဖမ်းခံ တရားစွဲခံ ကြရတာပါ။  ကျနော်တို့က တိုင်းပြည် ပျက်စီးအောင် ဒုက္ခရောက်အောင် လုပ်ခဲ့သူတွေ မဟုတ်ဘူး" ဟု ပြန်လည် လွတ် မြောက်လာသူများထဲမှ တစ်ဦးက ပြောသည်။

ပုသိမ်အကျဉ်းထောင် နှင့် မအူပင်အကျဉ်းထောင်တို့မှ ပြန်လည်လွတ်မြောက်သည့် နိုင်ငံရေး အကျဥ်းသားများ သည် စစ်တပ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြသဖြင့် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ မေလ အတွင်းတွင် ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်ဟု ဒေသခံ နိုင်ငံရေး အကျဥ်းသားဟောင်းများ၏ ပြောပြချက်များ အရ သိရသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “ပြန်လွှတ်တာနည်းနည်း၊ မတရား အဖမ်းခံနေရတာ နေ့တိုင်း ထောင်ချခံနေရတာ များများပါ” ဟု ထောက်ပြပြောဆိုသည်။

ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရ နိုင်ငံရေး အကျဥ်းသား အမျိုးသား၊ အမျိုးသမီး ၃၅၀ ကျော်ရှိနေပြီး ထောင်ချခံသူ ၄၆ ဦးရှိသည်။

အလားတူ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဥ်းသား ၁၀၀ ခန့်ရှိနေသည်ဟု နိုင်ငံရေးအကျဥ်းများအား ထောက်ပံ့ကူညီသူများ၏ ပြောပြချက်များအရ သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...