ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသော သတင်းထောက် ၃ ဦးအား နမ့်ဆန်တရားရုံးမှ သီပေါတရားရုံးသို့ ပြောင်း

ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသော သတင်းထောက် ၃ ဦးအား နမ့်ဆန်တရားရုံးမှ သီပေါတရားရုံးသို့ ပြောင်း
by -
ရဲနိုင်/မဇ္စျိမ
ဇူလိုင်လ ၁၈၊ ရဲနိုင် ။ သီပေါအကျဉ်းထောင်တွင် မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အရေးယူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် ၃ ဦးကို ယနေ့ ဇူလိုင် ၁၈ရက် နံနက်က နမ့်ဆန်တရားရုံးမှ သီပေါတရားရုံးသို့ ရမန်ဖြင့် ပြောင်းပေးခဲ့ကြောင်း သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးက မဇ္စျိမသို့ပြောသည်။ အဆိုပါ အရေးယူဖမ်းဆီးထားသည့် သတင်းသမား ၃ ဦးကို ဇူလိုင် ၁၈ ရက်၊ နံနက်က သီပေါမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုအား စစ်ဆေးသေးခြင်းမရှိဘဲ နမ့်ဆန်တရားရုံးမှ သီပေါတရားရုံးသို့ ရမန်ဖြင့် ပြန်လည်ပြောင်းပေးခဲ့ခြင်းဖြစ်သည်။ “ ကျွန်မသိရသလောက်တော့ သူတို့ကို ရုံးပြောင်းပေးတယ်လို့ကြားတယ်။ နမ့်ဆန်ကနေ သီပေါတရားရုံးကိုပေါ့။ အဲ့ဒီမှာ ကိုယ်တိုင်သွားပြီးနားထောင်တဲ့ သတင်းသမားတွေရှိတယ်လို့ သိရတယ်။ ဒီနေ့က ရုံးပြောင်းတယ်လို့ပဲ သိရတယ်။ စစ်ဆေးတာတွေမရှိသေးဘူး”ဟု ဒေါ်နန်းစမ်းစမ်းအေးက ပြောသည်။ အဆိုပါအမှုအား ဇူလိုင်လ ရ ရက်နေ့တွင် ချုပ်ရက်ရမန်ယူခဲ့ပြီး တပ်မတော်က မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့နယ်တွင် အမှုဖွင့်ထားရာမှ နမ့်ဆန်မြို့နယ်တွင် ပြောင်းလဲအမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။ ယင်း ဖမ်းဆီးခံထားရသည့် သတင်းထောက် ၃ ဦးအား အမှုစစ်ဆေးရန်အတွက် ဇူလိုင်လ ၂၁ ရက်နေ့ကို ချိန်းဆိုထားခဲ့သော်လည်း တရားသူကြီးမှာ သင်တန်းတက်ရောက်ရန်ရှိသည့်အတွက် ဇူလိုင်လ ၂၈ ရက်နေ့ကို ထပ် မံချိန်းဆိုလိုက်ကြောင်း သိရသည်။ “ အဲ့ဒီကို သတင်းသွားယူမယ့် အစီအစဉ်က ဖျက်လိုက်ရတယ်ဗျ။ ပျက်သွားတယ်။ နောက်တစ်ခေါက်သွားဖို့က ကျွန်တော်တို့ ထပ်ပြီးတော့ စဉ်းစားရဦးမယ်ဗျ။ အဲ့ဒီလိုတွေ ခဏခဏ လုပ်နေရင် ကျွန်တော်တို့မှာ အခြေအနေ က အရမ်းကျပ်တယ်။ ကြိုပြောရင် ကြိုများဖျက်နေသလားမသိဘူး။ အဓိကတော့ဗျ စစ်ဆေးတာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူ့ရဲ့ရုံးချိန်းမှာပဲ အလုပ်လုပ်ရမယ်။ အခုတော့သူတို့က ဟိုချိန်းလိုက် ဒီချိန်းလိုက် အဲ့ဒါမျိုးတော့ လုပ်လို့မရဘူး” ဟု ရန်ကုန်မှ သီပေါသို့ သတင်းထောက်များ သတင်းသွားယူရန် စီစဉ်ပေးနေသည့် မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) ဦးဆောင်အဖွဲ့ဝင် ဦးသာလွန်ဇောင်းထက် (ခေါ်) ဦးလှိုင်းသစ်ဇင်က ပြောသည်။ အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးထားသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) နယ်မြေတွင် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် သတင်းသွားယူသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော် (ကိုလဝီ)၊ DVB သတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုအေးနိုင် နှင့် ကိုပြည့်ဘုန်းအောင်တို့ကို ဇွန် ၂၆ ရက်က ဖမ်းခံခဲ့ရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်-သီပေါကားလမ်းတွင် ဇွန် ၂၆ရက် မွန်းလွဲ ၃နာရီက နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီး၌ နမ့်ဆန်ဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် လင်ခရူဇာအမျိုးအစားယာဉ်နှင့် WISH အမျိုးအစားယာဉ် လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးမှ အဆိုပါ သတင်းထောက် ၃ဦးအပါအဝင် အမျိုးသား ရဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...