ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် ၁၀ ရက်ကြာတိုက်ပွဲဖြစ်ပွါးပြီးနောက် CDF -ကန်ပက်လက်အဖွဲ့မှ ၄င်းတို့၏တပ်ဌာနာချုပ်နေရာကို စွန့်ခွါlလိုက်ရကြောင်း မတ်လ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။
ကန်ပက်လက်မြို့နယ်အခြေပြု CDF-Kanpetlet အဖွဲ့နှင့်စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှယခုအချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိရာ၊၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်ကန်ပလက်မြို့မှ အင်အား ၂၀၀ ခန့်ဖြင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ဦးတည်ကာစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် CDF-Kanpetlet တို့အကြားရဲလောင်းပန်းရွာအထက်နား ပန်းတောင်ကျော တွင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီးCDF-Kanpetlet ရဲဘော်များအထိအခိုက်မရှိခဲ့ပါ။
ထို့နောက် ၁၃ ရက်နေ့တွင် ငုံလောင်းရွာမြောက်ဖက် အမ်ပုံရွာ အထက်ပိုင်းတွင်တပ်ဖျောက်ထားသောစစ်ကောင်စီတပ်ဖွဲ့အား CDF - Kanpetlet ၊CDF Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Forceနှင့်Saw- PDF တို့မှတောနင်းရှာဖွေရာမှထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ၂ဦး သေဆုံးခဲ့ပြီး CDF-Kanpetlet ဘက်မှရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
မတ်လ ၁၄ ရက်တွင်လည်း ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အထိအခိုက်အကျအဆုံးမသိရပါ။
၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်CDF-Kanpetlet ၊ CDF-Mindat ၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw - PDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မိမိတို့ CDF-Kanpetlet ဖက်မှ ရဲဘော်တစ်ဦး မိမိသစ္စာပြုသောအမျိုးသားတော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံးကိုအတိအကျမသိရပေ။အဆိုပါတိုက်ပွဲအတွင်း မင်းတပ်မြို့တွင်အထိုင်ချသော ခလရ ၂၇၄ တပ်ရင်း နှင့် ကျောက်ထု အမြောက်တပ်တို့ဖက်မှလက်နက်ကြီးပစ်ကူပေးခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် ၉ လုံး လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်။
မိမိတို့ CDF-Kanpetlet ဖက်မှ ကျည်မလုံလောက်ခြင်း၊ လက်နက်အင်အားမမျှခြင်း၊ ကျေးရွာအတွင်းရှိပြည်သူများ ထိခိုက်ဒဏ်ရာရမည့်အရေးကိုရှေ့ရှုခြင်းနှင့် သာလွန်အင်အားဖြင့်ထိုးစစ်ဆင်ခံရသည့် အခြေနေများကြောင့် CDF-Kanpetlet တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-ကန်ပက်လက်အဖွဲ့သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်တွင်း၊ပြည်ပ ရှိမိဘပြည်သူများနှင့်တော်လှန်ရေးထောက်ပို့ တပ်များအနေဖြင့် လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းနိုင်ရေး အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးကြရန် အကူညီတောင်းခံ သတင်းထုတ်ပြန်အပ်ပါသည်။”ဟု CDF ကန်ပက်လက်အဖွဲ့မှ မတ်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။







