မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပန လူထောင်ချီလိုက်ပို့

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပန လူထောင်ချီလိုက်ပို့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ၂ လ နီးပါး ပျောက်ဆုံးနေပြီး အသတ်ခံရသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစုများ၏ ဈာပနာအခမ်းအနားကို လူထုထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိသားစုလိုက်သတ်ခံရသည့် ရုပ်အလောင်းကို ပြီးခဲ့သည့် မတ် (၉)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ၎င်းရုပ်အလောင်းတွင် လက်နှင့် လည်ပင်းကို ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများနှင့်အတူ သတ်ဖြတ်ခံထားရကြောင်း ရွှေဖီမြေသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရုပ်အလောင်းတွင် သတ်ဖြတ်ခံထားရသည့်နေရာ၌ သယ်ဆောင်လာခဲ့ကြရပြီး မတ်လ (၁၃)ရက်က ပန်ပွဲရွာအနီးရှိ တောင်ယာတစ်ခုမှာ မီးရှို့သဂြိုလ်ခဲ့ကြောင်း သိရသည်။

၎င်း ဈာပနာအခမ်းအနားကို တအာင်း(ပလောင်) လူမှုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုများ၊ ဆွေမျိုးများ စသည့် အနယ်နယ်အရပ်ရပ်က တအာင်း(ပလောင်) လူထုများ ထောင်ချီတက်ရောက်ခဲ့သည်။

အသတ်ခံရသည့် မိုင်းနုမ်ဟန် သည် အသက် (၃၉)နှစ်၊ အမျိုးသမီးဖြစ်သူ လွေးအေးခ (၂၆)နှစ် နှင့် (၇)လအရွယ်ရှိ သမီးဖြစ်သူ လွေးစိန်ပ္လါင် တို့ ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီး နှင့် (၇)လအရွယ် သမီးဖြစ်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

မိုင်းနုမ်ဟန် နှင့် မိသားစု (၃)ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းအသိုင်းအဝိုင်းက မိုင်းကိုင်မြို့နယ်အတွင်း အခြေစိုက်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုထားသည်။

မိုင်းနုမ်ဟန် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး (TNP) ပါတီဘက်မှ တာဝန်ရှိသူများလည်း RCSS/SSA ၏ ဆက်ဆံရေးရုံး ကနေတစ်ဆင့် စာပို့အကြောင်းကြားမှုများလည်းရှိပြီး RCSS ဘက်မှလည်း အကြောင်းပြန်ထားမှုများလည်းရှိကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က မတ်လ (၇)ရက်နေ့တွင် သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုင်းနုမ်ဟန် တို့ မိသားစုသည် ဇန်နဝါရီ (၁၀)ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာအုပ်စု အတွင်း ပျောက်ဆုံးသွားကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...