လွန်ခဲ့သည့် မတ်လ ၅ ရက်နေ့က ဖလမ်းမြို့တွင်းရှိ နေအိမ် (၄)လုံးကို ဓာတ်ဆီဖြင့်မီးရှို့ရန်ကြိုးစားခဲ့ခြင်းနှင့် မတ်လ (၆)ရက်မနက်ပိုင်းတွင် ဖလမ်း-ရိဒ်လမ်းရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံး မီးရှို့ခဲ့သည့် သံသယတရားခံ (၃)ဦးအား CNDF မှ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း မတ်လ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ (၃)ဦးအား CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များအရ CNO/CNDF မှ လိိိုက်လံစုံစမ်းခဲ့ပြီး Biak Ceu Lal, Ceu Lian Hum နှင့် Sang Lian တို့ဖြစ်ကြောင်းထင်ရှားသည့်အတွက် မတ်လ (၉)ရက်ညတွင် Biak Ceu Lal နှင့် Ceu Lian Hum တို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ရပြီး မတ်လ(၁၁) ရက်၌ Sang Lian အား မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ရွာတွင်ဖမ်းဆီးခဲ့ရာ CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၂ ခုနှစ်၊ မတ်လ (၆)ရက်ည (၁၁:၃၀)နာရီခန့်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး)ရှိ နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုတွင် ၎င်းတို့ (၃)ဦးအား သံသယတရားခံအဖြစ် ထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်းလည်းသိရသည်။
ဖလမ်းမြို့အတွင်း ပြည်သူလူထု၏ အိုးအိမ်ပျက်စီးစေလိုမှုနှင့် ကြောက်ရွံ့တုန်လှုပ်စေသောအမှုအား ပြုလုပ်သည့် လူရမ်းကား(၃)ဦးအား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရသိရသည်။







