အောင်ပွဲရောက်အောင် ဦးဆောင်နိုင်ဖို့ လိုတယ်

အောင်ပွဲရောက်အောင် ဦးဆောင်နိုင်ဖို့ လိုတယ်

ခိုင်ကျည် — သိမ်ကြီးဈေး လူကူးဂုံးကျော်တံတားပေါ်ကနေ  ဆူးလေဘုရားဘက်ကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် ကားတစ်စီးတစ်လေကလွဲပြီး လူသူလေးပါး ကင်းစင်လို့ နေပါတယ်။

အဲ့ဒီမြင်ကွင်းအပါအဝင် လူသွားလူလာကင်းမဲ့နေတဲ့ မြင်ကွင်းဟာ လူဦးရေ ၆သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ တစ်မြို့လုံးကို ဖေဖော်ဝါရီတစ်ရက်နေ့ ကတွေ့မြင်ရတဲ့ မြင်ကွင်းကိုလည်း ကိုယ်စားပြုလို့နေပါတယ်။

စစ်အာဏာသိမ်းတာ တစ်နှစ်မြောက်နေ့မှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးမှာရော နိုင်ငံအနှံကျေးရွာဇနပုဒ် တွေမှာပါ လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် အသံတိတ်သပိတ်ဆင်နွဲနေတဲ့ မြင်ကွင်းတခုလို့လည်းလို့လည်း ဆိုနိုင်ပါတယ်။

တကယ်တော့ စစ်တပ်က ၁၉၆၂ခုနှစ်အာဏာစသိမ်းကတည်းက နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံဆန့်ကျင်တော်လှန်ခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။

၇ ဇူလိုင်၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ မင်းရာပြည့်၊ ၈လေးလုံးလူထုအုံကြွမှုကြီး၊၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်ခဲ့ကြတာပါ။

မြန်မာပြည်သူတွေဟာ အခွင့်အခါသင့်ရင်သင့်သလို အထက်ပါ လူထုတိုက်ပွဲတွေမှာ ပါဝင်ဆင်နွဲကြသလို ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ နောက်ဆုံး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ဆန္ဒတွေကို ပြတ်ပြတ်သားသား မဲပေးခြင်းဖြင့် ထုတ်ဖော်ပြရင်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ပါဝင်နေကြတာကို တွေ့မြင်နိုင်ပါတယ်။

အခုနောက်ဆုံး စစ်တပ်က တတိယအကြိမ်မြောက် အာဏာသိမ်းလိုက်ချိန်မှာ တစ်နိုင်ငံလုံးတိုင်းရင်းသားလူမျိုးပေါင်းစုံဟာ ည၈နာရီဆို သံပုံးတီးတောထုတ်တဲ့ သပိတ်တိုက်ပွဲ၊ အသံတိတ်သပိတ်တိုက်ပွဲအပါအဝင် တိုက်ပွဲသဏ္ဍန်မျိုးစုံနဲ့  စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်တော်လှန်နေကြရာကနေ အခုလက်နက်ကိုင်တိုက်ပွဲအဆင့်ထိ တက်လှမ်းနိုင်ခဲ့တာကို သတင်းမီဒီယာတွေကတဆင့် တွေ့မြင်ကြားသိနိုင်ပါတယ်၊ လေ့လာနိုင်ပါတယ်။

တနည်းအားဖြင့် လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ အကြမ်းမဖက် လမ်းပေါ်တက်ငြိမ်းချမ်းစွားဆန္ဒပြတိုက်ပွဲ၊ အခုနောက်ဆုံး တူမီးနဲ့လက်နက်ကိုင်တိုက်ပွဲအထိ တိုက်ပွဲအဆင့်ဆင့် ကူးပြောင်းပြီး စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်တော်လှန်နေကြတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုင်းဖြတ်ချက်ရှိရှိ ပြည်သူတွေကိုယ်တိုင်ကိုယ်ကျပါဝင်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမိသားစုနဲ့ ဒေသတွင်းနိုင်ငံတွေကပါ လေးစားသမှုနဲ့ အသိအမှတ်ပြုနေတာကိုလည်း တွေ့မြင်ကြားသိနေရပါတယ်။

လက်ရှိအခြေအနေမှာ စစ်တပ်ကလည်း နည်းလမ်းပေါင်းစုံသုံးပြီး သူတို့အုပ်ချုပ်နိုင်ရေးအတွက် ရက်ရက်စက်စက်လုပ်ဆောင်နေသလို ပြည်သူတွေကလည်း လုံးဝအလျှော့မပေးဘဲ ဘုရင်နောင်ဖောင်ဖျက်စိတ်နဲ့ခုခံဆန့်ကျင်နေတာဟာ တစ်နှစ်ကျော်ရှိလာပြီးဖြစ်ပါတယ်။



အထူးသဖြင့် ပြည်သူတွေရဲ့ ကိုယ်တိုင်ကျ ပါဝင်တော်လှန်မှုကြောင့်ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရဲ့ နေရာတွေကို စစ်ကောင်စီအနေနဲ့ မထိမ်းချုပ်နိုင်တာတွေ့မြင်နိုင်ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်ကပဲ “ကွက်ပြည့် မစိုးမိုးနိုင်သေးဘူး”လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ထုတ်ဖော်ဝန်ခံထားပါတယ်။



တကယ့်မြေပြင်မှာ ဒေသခံ PDF တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မြေပြင်ကားလမ်းတွေအသုံးမပြုရဲတော့ဘဲ ဝေဟင်က စစ်သည်တွေကို သည်ပို့နေရာတာကို စစ်ကိုင်းတိုင်းဒေသကြီးမှာတွေ့မြင်နေရပါတယ်။

တူးမီးလို လက်လုပ်သေနတ်လောက်သာကိုင်ထားတဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ ကို မောင်းပြန်သေနတ်တွေကိုင်းထားတဲ့ ခေတ်မှီတပ်မတော် (ရှရှားစစ်ပညာတော်သင်အများအပြားရှိတဲ့) ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့တပ်မတော်ကြီးက လေကြောင်းပစ်ကူပါမှ တိုက်ရဲတော့တဲ့တိုက်ပွဲဝင်စိတ်ဟာလဲ မြန်မာတပ်မတော်ရဲ့ စိတ်ဓါတ်ရေးရာအခြေအနေကို ပြသနေတယ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိမြန်မာပြည်သူတွေရဲ့ အထူးသဖြင့် လူငယ်တွေရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စုစည်းညီညွတ်မှု ကိုယ်တိုင်ကိုယ်ပါဝင်မှု ဘယ်ခေတ်အခါနဲ့မတူ ထူးခြားနေပါတယ်။

တောင်တန်းမြေပြန့်တိုင်းရင်းသားပြည်သူတွေရဲ့စုစည်းညီညွတ်မှု အားကောင်းသလောက် ခေါင်းဆောင်မှုက လျှော့တိလျှော့ရဲဖြစ်နေတာကို တွေ့နိုင်ပါတယ်။

တကယ်တော့ အခုလိုမြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတာ ခေတ်အဆက်အဆက် ခေါင်းဆောင်တွေကြောင့်လို့ ပြောနိုင်ပါတယ်။ ခေါင်းဆောင်တွေဆိုတဲ့နေရာမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေပါသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်ပိုင်းတချို့ နိုင်ငံရေးပရိယာယ်မကြွယ်ဘဲ မာနကြီးခေါင်းမာမှုတွေကြောင့်လို့လဲ ဆိုနိုင်ပါတယ်။

အရိုးဆုံးဥပမာပေးရရင် ပြည်သူတွေဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လက်ထဲရောက်အောင်ပေးအပ်ထားတဲ့ အာဏာကို မထိမ်းနိုင်လို့ အခုပြည်သူတွေ ပြန်တိုက်ယူနေရတာလို့ ပြောရရင်လဲ နားဝင်မချိုတဲ့ ခါးသီးတဲ့အမှန်တရားတခုပါ။

စစ်တပ်အာဏာသိမ်းကာစတုန်းက သိပ်တော့သြဇာမရှိတဲ့ ဆရာတော်ကြီးတပါးက ” ဒကာမကြီးဒေါ်စု သူ့လက်ထဲရောက်ပြီးသား အာဏာကိုတောင် သူခိုင်အောင် မထိမ်းနိုင်ဘူးလို့ပြောရမှာပဲ    “ ဆိုတဲ့စကားဟာ လက်တွေ့အခြေအနေကိုထင်ဟပ်လွန်းတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာနွေဦးတော်လှန်ရေး ဘယ်အချိန်မှာ အဆုံးသတ်မလဲ အတိအကျမပြောနိုင်ပေ့မယ် စစ်အာဏာရှင်စနစ်က မြန်မာမြေပေါ်ကနေ ပျောက်ကွယ်အဆုံးသတ်ရမှာမလွဲမသွေပဲဖြစ်ပါတယ်လို့ ယုံကြည်တော်လှန်နေကြတာပါ။

“မဖြစ်ညစ်ကျယ်မလုပ်သင့်ဘူး အာဏာသိမ်းလိမ့်မယ်ဆိုတုန်းကလဲ အာဏာတော့မသိမ်းနဲ့ အမှိုက်သိမ်းကြဆို”တဲ့ တချို့ခေါင်းဆောင်တွေ ပြောဆိုတာတွေအတွက် ကုန်လွန်ခဲ့တဲ့ တနှစ်တာကာလကို သင်ခန်းစာယူ နိဂုံးချုပ်နိုင်ဖို့ အခု ဖက်ဒယ်ဒီမိုကရေစီဖော်ဆောင်ရေးနဲ့ ခေါင်းဆောင်မှု ပြဿနာဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးဖြစ်လာတာပါ။

 တကယ်တော့ ခေါင်းဆောင်မှုလို့ ပြောလိုက်ရင် အလွန်ယေဘူယဆန်ပါတယ်။ ခေတ်အဆက်မြန်မာခေါင်းဆောင်တွေကို လေ့လာကြည့်တဲ့အခါ၊ တကယ်ခေါင်းဆောင်မှုတွေကို ပိုင်းခြားစိတ်ဖြာကြည့်ရင်တော့ အတွေးအခေါ်အရဦးဆောင်မှု၊ လုပ်ဟန်အရဦးဆောင်တာ(လုပ်ငန်းစဉ်ရှိတာ)၊ ကိုယ်ကျင့်တရားအရ ဦးဆောင်တာရယ်လို့တော့ ယေဘူယျခွဲခြမ်းစိတ်ဖြာကြည့်လို့ရနိုင်ပါတယ်။

အခု CRPH၊ NUG တို့ ရဲဦးဆောင်မှုကို အဲ့ဒီစံတွေနဲ့ အကဲဖြတ်တင်ပြသွားမယ်။

အာဏာသိမ်းပြီးနောက်ပေါ်လာတဲ့ CRPH နဲ့ NUG တို့ဟာလဲ မြန်မာနွေဦးတော်လှန်ရေးကို ဦးဆောင်မှုပေးနေတာထက် ပြည်သူတွေ ဦးဆောင်မှုနောက် မှေးလိုက်နေတဲ့သဘောဖြစ်နေလို့ အချိန်တွေလိုအပ်တာထက်ပိုကုန်ပြီး ဘဝတွေအသက်တွေ ပေးဆပ်နေရတာလဲဖြစ်ပါတယ်။ ဒါကိုအရင်ခေတ်က လူထုနောက်မှီးဆွဲ လို့ လက်ဝဲနိုင်ငံရေးသမားတွေသုံးခဲ့ဘူးပါတယ်။

ဓမ္မက အဓမ္မကို အနိုင်ရတဲ့ နိယာမတရားအရ၊ လက်နက်အားကိုးနဲ့ ဗိုလ်ကျအနိုင်ကျင့်တဲ့ မဟာလူမျိုးကြီဝါဒီတွေဟာ အနှေးနဲ့အမြန်ကျဆုံးရစမြဲပါ။

ပြီးခဲတဲ့ တနှစ်တာကာလအတွင်း ပြည်သူတွေပါဝင်မှုကြောင့် အသံတိတ်သပိတ်တွေ၊ သံပုံးတီးသပိတ်တွေ၊ အောင်ဘာလေထီကင်ပိန်း၊ လျှပ်စစ်မီတာမဆောင်တဲ့ကင်ပိန်း၊ ဦးပိုင်ကထုတ်တဲ့ ပစ္စည်းတွေသပိတ်မှောက်တဲ့ ကင်ပိန်း၊ CDM အပါအဝင် ကင်ပိန်းတော်တော်များ လုပ်နိုင်ခဲ့ပါတယ် သေချာတာတခုက ပွဲသိမ်းတိုက်ကွက်မဖြစ်တောင် စစ်ကောင်စီအရှိုက်ကိုကောင်းကောင်းထိုးနက်နိုင်ခဲ့ပါတယ်။

ဒါကိုပဲ ပြည်သူသည်အခရာ ပြည်သူက အရာရာဆုံးဖြတ်တယ်လိုပြောနေကြတာပါ။

ဒါတွေအားလုံး အောင်မြင်မှုရဲ့သော့ချက်က သက်ဆိုင်ရာပြည်သူတွေကိုယ်တိုင်ကိုယ်ကျပါဝင်လို့ဆိုတာ ထင်သာမြင်သာတဲ့အချက်တခုပါ။

အဲ့ဒီမှာ NUG ဟာ (CDM သမားစုစုပေါင်းဟာ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတခု စာရင်းအရကို ၄၁၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။) CDM လုပ်သူတွေကို တာဝန်ယူမယ်လို့ပြောခဲ့ပေမယ် အခုလိုကာလရှည်လာတဲ့အခါမှာ တာဝန်ယူခက်ခဲတာကို CDM သမားတွေ နားလည်ခွင့်လွတ်ပေးပါတယ်။

ဒါက လုပ်ဟန်အားနည်းချက်တခု အတွေ့အကြုံမရှိလို့ဆိုပြီးနားလည်ပေးလို့ရတဲ့ကိစ္စတခု တော်လှန်ရေးကာလအစိုးရမို့ ဘဏ္ဍာငွေကြေးအကန့်အသတ်ရှိတာကို နားလည်ပေးလို့လည်းရပါတယ်။

နောက်ပိုင်းနှစ်ပေါက်ကာနီးတဲ့အခါ CDM သမားတချို့ စစ်ကောင်စီရဲ့ဖိအားကြောင့်ရော စားဝတ်နေရေးဘဝရပ်တည်ရေးအတွက်ရော၊ မိသားစုအခြေအနေကြောင့်ရော NCDM ဖြစ်သွားတဲ့သူတွေကို NUG ခေါင်းဆောင်တချို့က အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုတာတွေဟာ မဟာလူမျိုးကြီးဝါဒကျင့်သုံးတဲ့ အာဏာအလွဲသုံးစားလုပ်နေတဲ့ စစ်ကောင်စီနဲ့ တထပ်တည်းကျတဲ့ အတွေးအခေါ်တွေလို့ ပြောလို့ရပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းချုပ်ရေး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာ အဓိကကျတာက ဖက်ဒရယ်တပ်မတော် Fedral Army တည်ဆောက်ရေးပါ။

NUG တို့ CRPH တို့မှာ လက်နက်ကိုင်တဲ့အတွေ့အကြုံမရှိဘူး၊ စစ်ရေးအတွေ့အကြုံမရှိဘူးဆိုတာ အားလုံးနားလည်ပါတယ်။

တကယ်တော့ ဖက်ဒရယ်တပ်မတော်တရပ်တည်ထောင်ရေးအစပျိုးဖို့ အတွက်ဆိုလည်း နှစ်ပေါင်း ၇၀ ကျော် တပ်ထောင်ပြီး လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ့နဲ တဖွဲ့ခြင်းဖြစ်စေ၊ အားလုံးနဲ့ ဖြစ်စေ အဆင့်ဆင့်တွေ့ဆုံဆွေးနွေးလို့ရပါတယ်။

တိုင်းရင်းသားတွေပြောတာကိုသေချာနားထောင် သူတို့အသိအမှတ်ပြု လေးစားတန်ဖိုးထား၊ သေချာနားထောင် လုပ်ပေးနိုင်တာရှိရင်လုပ်ပေးမယ် မလုပ်လုပ်ပေးနိုင်တာရှိလဲ မလုပ်ပေးနိုင်တဲ့အကြောင်းပြောလိုက်ရင် အခုထက်ပိုပြီး ခရီးတွင်လိမ့်မယ်ထင်ပါတယ်။

တနှစ်တာဆိုတဲ့ကာလ အတွင်းမှာ အခုလို အွန်လိုင်းက ဆွေးနွေးခွင့်ရနေတဲ့အချိန် သဘောတူညီမှု မရမချင်း အဖြေမထွက်မချင်း ဆွေးနွေးလို့ရနိုင်တဲ့ အခွင့်အရေးလည်းရှိနေလျက် NUG ပျက်ကွက်ခဲ့ပါတယ်။ ချာတာ တစ်စောင်လောက်နဲ့ ရပ်တန့်နေတယ်လို့ပြောနိုင်ပါတယ်။

တကယ်တော့လည်း ပါတီကြီးဝါဒအခြေခံထားတဲ့ NLD ပါတီဟာ တိုင်းရင်းသားအရေး အထူအပါး အရိပ်သုံးပါးမသိခဲ့ဘဲ ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်တံတား အမည်ပေးရေးအသိလောက်လောက်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်လို့မရဘူး တိုင်းရင်းသားအရေး ချည်းကပ်လို့မရနိုင်ပါဘူးဆိုတာ NUG လဲအခုထိ သဘောမပေါက်သေးဘူးလို့ မှတ်ယူနိုင်ပါတယ်။ အထူးသဖြင့် နောင်တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်များ စိတ်ညိုညှင်မှာ စိုးရိမ်နေကြတဲ့ပုံလည်း ပေါက်နေပါတယ်။

တကယ်တော့ တိုင်းရင်းသားတွေလိုချင်တာ ဗိုလ်ချုပ်ရေးကြေးရုပ်မဟုတ်ပါဘူး ဗိုလ်ချုပ် ပင်လုံမှာပေးခဲ့ ကတိကဝတ် ဖြစ်ပါတယ်။

ထို့အတူ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးလှုပ်ရှားမှု၊ ထိုးဖောက်မှုတွေမှာလဲ ၈၈ ကတည်းက နယ်စပ်ရောက်ပြီး တိုင်းရင်းသားအရေးလဲနားလည်ကြေညက် နိုင်ငံတကာကွန်ရက်လည်းရှိခဲ့တဲ့ အတွေ့အကြုံရှိသူတွေကို နေရာပေးဖို့လို့ပါတယ်။

အခုက ဦးအောင်မျိုးမင်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်လောက်တို့လောက်ပဲ ပါသေးသာမို့ ဟန်ပြသဘောလောက်ပဲဖြစ်နေပါတယ်။ နိုင်ငံတကာရောက်နေသူတွေလဲအများကြီးကျန်နေပါတယ်။

ကုသမဂ္ဂ၊ ဂျီနီဗာအပါအဝင် နိုင်ငံတကာ လော်ဘီအတွေ့အကြုံ နှစ်ပေါင်း ၃၀လောက်အတွေ့အကြုံ ရှိခဲ့သူတဦးကတော့ “  NUG က ရှစ်ဆယ့်ရှစ်တုန်းလူတွေကို Space မပေးချင်ဘူးဖြစ်နေတာ“ လို့ပြောဆိုခဲ့ဖူးတာရှိပါတယ်။

တကယ်တော့ မြန်မာဒီမိုကရေစီတော်လှန်ရေး ပြည်သူတွေရဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်စွန့်လွတ်စွန့်စားမှုတွေဟာ ဘယ်ခေတ်နဲ့မတူ အောင် အရှိန်အဟုန်ကြီးမားပါတယ် စစ်တပ်ရဲ့ ထိမ်းချုပ်မှုကိုကောင်းကောင်းဆန့်ကျင်နိုင်မှာလည်းသေချာပါတယ်။

တကယ်စိန်ခေါ်မှု စစ်တပ်ကိုဖယ်ရှားနိုင် တိုင်းပြည်ကိုထိန်းချုပ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ်ဆိုတဲ့ အချိန်မှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေဟာ လက်ရှိဦးဆောင်သူတွေအတွက် စိန်ခေါ်မှုတွေပါ။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေ စုစည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် နိုင်ငံရေးလမ်းကြောင်းသစ်ကို ဆွေးနွေးညှိနှိုင်းဖို့ အားကောင်းတဲ့ အမြော်အမြင်ရှိတဲ့ခေါင်းဆောင်မှုလို့ပါတယ်။ ဒါကပဲ NUG နဲ့ CRPH အတွက် စိန်ခေါ်မှုပါ။

တကယ်တော့ မြန်မာဒီမိုကရေစီတော်လှန်ရေးဟာ ကမ္ဘာ့အနေအထားသစ် အခင်းအကျဉ်းသစ်နဲ့ ရင်ဆိုင်နေရချိန်ပါ။ NEW World Order ဟာ ၁၉၈၈ တုန်းက အခြေအနေမျိုးလဲမဟုတ်ပါဘူး။

မြန်မာအိမ်နီးချင်းတရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။

နိုင်ငံတကာအခင်းအကျဉ်းမှာ တရုတ်အင်အားကြီးချိန် အမေရိကန်နဲ့ အနောက်အုပ်စုအင်အားကျဆင်းချိန်ဟာ ပထဝီနိုင်ငံရေးအနေအထားကို ပြောင်းလဲစေပါတယ်။ ပိုသတိထားမိတာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမှုဝါဒမှာ တန်ဖိုး၊ စံနှုန်းအဖြစ် ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို ကြားကောင်းရုံ တန်ဖိုး စံနှုန်းလောက်သဘောထားလာတာပါ။ မဖြစ်မနေလုပ်ဆောင်မယ်ဆိုတာ အားပျော့လာပါမယ်။ ဒါကို အာဖကန်နစ္စတန် ဆုတ်ခွာမှုက ပူပူနွေးနွေးသက်သေပြထားပါတယ်။

အထူးသဖြင့် မြန်မာအရေးနဲ့ပတ်သက်ရင် အိမ်နီးချင်းတရုတ်အနေအထားကြောင့် နိုင်ငံတကာနဲ့ကုလသမဂ္ဂဟာ လူသားစာနာထောက်ထားမှုတွေကလဲ သိပ်များများစားစား မျှော်လင့်လို့မရဘူး အခုလဲ အာဆီယံဘုံသဘောတူညီချက်ကို ခေါင်းတည်ထားတာမြင်နိုင်ပါတယ်။  

R2P ဆိုတာကို မြန်မာပြည်သူတွေမျှော်မနေတာလည်း လနဲ့ချီကြာနေပါပြီ။ အတ္တဟိ အတ္တနော နာထော မိမိကိုယ်မိမိ ကိုးကွယ်ရာ ဥစ္စာလိုရင် ဥစ္စာခဲ ဆိုတဲ့အတိုင်း  ဘယ်ခေတ်အခါနဲ့မှမတူတဲ့ ပြည်သူတွေရဲ့ ပိုင်းဖြတ်ချက် စွန့်လွတ်စွန့်စားစိတ်တွေကို အမြော်အမြင်ရှိရှိနဲ့ မှန်ကန်အတွေးအခေါ်လုပ်ငန်းစဉ်တွေချ ဦးဆောင်မှုပေးနိုင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုရေစီနိုင်ငံတည်ဆောင်ရေးဟာ  မြန်မာနိုင်ငံရှေ့နေများကွန်ယက် ဥက္ကဋ္ဌ လွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် ဗီအိုအေမှာ ပြောခဲ့သလိုပါပဲ။ “NUG နောက်မှာ လူထုကြီးတရပ်လုံးရှိတယ်၊ ဦးဆောင်မှုက ညံ့ချင်ညံ့မယ်။ ဒါပေမယ့်လို့တော့ နောက်လိုက်ကောင်းတွေက မညံ့ဘူး၊ သူ့ကိုဝိုင်းပြီး ညှပ်ထိန်းထားတာတွေက EAOs၊ PDF တွေနဲ့ အစဉ်အလာရှိတဲ့ သူတွေဝိုင်းထိန်းထားတယ်၊ အဲ့ဒါကြောင့်မို့ ဒီတိုက်ပွဲမှာ စစ်အာဏာရှင်စနစ်ကို ဖြိုလဲနိုင်မယ်ဆိုတာ မမှိတ်မသုဉ် တထစ်ကျ ယုံကြည်တယ်” လို့ ဖြစ်ပါတယ်။

သူပြောသွားတဲ့ အတိုင်း ဖြစ်လာဖို့ကလည်း အားကောင်းတဲ့ ဦးဆောင်မှု ရှိဖို့တော့ လိုပါလိမ့်ဦးမယ်။

(မှတ်ချက်။ သုံးသပ်ချက်/ထင်မြင်ချက် ဆောင်းပါးများသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)

Most read this week

May 20, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ပင်ထားမှုအကျိုးဆက်ကြောင့်...
May 20, 2024
၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်တွင်စတင်သည့် ရခိုင်ဒေသတိုက်ပွဲများသည် တစ်နေ့မျှမရပ်နားဘဲ...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...