ပြည်သူတွေ ခက်ခဲနေသည့်ကြား ဓာတ်ဆီဈေး ထပ်မံမြင့်တက်

ပြည်သူတွေ ခက်ခဲနေသည့်ကြား ဓာတ်ဆီဈေး ထပ်မံမြင့်တက်

ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲနေသည့်အချိန် စက်သုံးဆီ ဓာတ်ဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (မတ်လ ၃)ရက်နေ့တွင် သျှမ်းပြည်အတွင်းရှိ ဓာတ်ဆီဆိုင်များသည် ၁ လီတာကို ၂ ထောင်ကျပ်ထိ မြင့်တက်လာပြီး ပြည်သူများ ခရီးသွားလာရေးအတွက် ခက်ခဲလာကြောင်း သိရသည်။

“တစ်လီတာကို ၂၀၀၀ ကျော်လောက်ပေးရတယ်။ ဈေးက အရမ်းကြီး တက်လာပြီ။ အရင်ကဆိုရင် ဈေးက အဲ့လောက်ထိ မကြီးဘူး။ ကျမတို့ ရေသန့်ဗူးနဲ့ တစ်ဗူးဆိုရင် ၂၅၀၀ ကျပ် ပေးရတယ်။ အရင်ကဆိုရင် ၁၀၀၀ ကျပ် ပေးရတာ” ဟု သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် နိုင်ငံရေးအခြေနေနှင့် ကိုဗစ် – ၁၉ ကပ်ရောဂါ ကာလကြား ပြည်သူများက စားဝတ်နေရေးခက်ခဲနေပြီး ဓာတ်ဆီဈေးပါ မြင့်တက်လာသောကြောင့် စက်ပစ္စည်းသုံးသူများအတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။

“ကျနော်ကတော့ မြို့ထဲသွားလာဖို့ပဲဆိုရင် စက်ဘီးတစ်စီး ကောက်ဝယ်ထားလိုက်ပြီ။ စက်ပစ္စည်းတွေသုံးဖို့ဆိုရင် ပိုက်ဆံက ရသလောက်နဲ့ မကိုက်တော့ဘူး။ စက်ပစ္စည်းတွေလည်း အများကြီးမသုံးရတော့ဘူး။ မဟုတ်ရင် စားဝတ်နေရေးအတွက် မကိုက်တော့ဘူး။ အခုတောင် ရှာစားဖို့ ခက်ခဲနေတယ်” ဟု သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိစက်သုံးဆီဈေးမြင့်တက်လာသောကြောင့် ပြည်သူများက ယခင်ထက် စားဝတ်နေရေးခက်ခဲလာသည့် အပြင် ခရီးသွားလာမှုများလည်း ရပ်တန့်ရကြောင်း သိရသည်။

“ကျမက မနက်ဆို ဈေးသွားရောင်းတယ်။ နေ့လည်ဆိုရင် ရွာပြန်ပြီး ခြံသွားတယ်။ အခုက ရွာလည်း သိပ်မပြန်ရတော့ဘူး။ ဆီဈေးကတက်တယ်။ ဆီဈေးက အရင်ကတည်းက တဖြည်းဖြည်းတက်လာနေတာပါပဲ။ အရမ်းမလိုအပ်ရင် ကျမတော့ ရွာကိုမပြန်ရတော့ဘူး” ဟု လဲချားမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အကြာတွင် မြန်မာနိုင်ငံတွင်းရှိ ကုန်ပစ္စည်းအားလုံး ဈေးမြင့်တက်လာပြီး သာမန်ပြည်သူများလည်း စားဝတ်နေရေး ခက်ခဲလာသည့်အပြင် အခြေခံလူတန်းစားများ အတွက် ပိုမို ခက်ခဲလာကြောင်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...