ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပို့ထားခြင်းမရှိဟု KNU ဆို

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပို့ထားခြင်းမရှိဟု KNU ဆို

အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း မရှိကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မှာလည်း KNU ၏ ခိုင်မာသော နိုင်ငံရေးရည်မှန်းချက် သုံးချက်ကို စစ်အုပ်စု လိုက်နာနိုင်ခြင်းရှိ၊ မရှိပေါ် မူတည်ကာ စဉ်းစားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက "ဘာသတင်းမှ မကြားရပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော်တွင် ဧပြီလ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ၂၀၂၆ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွင် ၂၀၂၆ သမ္မတ မင်းအောင်လှိုင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကို ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ ဖိတ်ခေါ်ကြောင်း ပြောခဲ့သည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှစ၍ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအား ငြိမ်းချမ်းရေးဆွေးနွေးရန်နှင့် အလင်းဝင်ရောက်ရန် ဖိတ်ခေါ်မည်ဟု စစ်အုပ်စုက ကြေညာထားသည်။

“KNU ဘက်က ရှင်းလင်းပြတ်သားတဲ့ Political Objectives သုံးချက်က ရှိပြီးသားမို့ စစ်ကော်မရှင်၊ ရွေးတုအဖွဲ့အနေနဲ့ ဒီသုံးချက်ကို လက်ခံလား၊ လက်မခံဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်နေမှာပါ။ ဒီသုံးချက်စလုံးကို လက်ခံနိုင်မှပဲ ကျန်တာကို နောက်မှ တဆင့်ချင်း စဉ်းစားတော့မှာပါ” ဟု ပဒိုစောတောနီးက ပြောသည်။

KNU က ရည်ညွှန်းသည့် နိုင်ငံရေးရည်မှန်းချက် သုံးရပ်မှာ - (၁) စစ်တပ်က နိုင်ငံရေးထဲ ဝင်ရောက်စွက်ဖက်နေခြင်းကိုရပ်၍ စစ်တပ်အဆောက်အအုံ တ ခုလုံး ပြည်သူလူထုကို အကာအကွယ်ပေးမည့် စစ်တပ်၊ အရပ်သားအုပ်ချုပ်မှုအောက်ကို လုံးလုံးလျားလျား အသွင်ပြောင်းသွားရမည့် စစ်တပ်အဖြစ် လက်ခံရမည်။ (၂) ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို လက်ခံပြီး စစ်အာဏာရှင်စနစ်ဆိုးကို သက်ဆိုးရှည်စေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ပစ်ရမည်။ (၃) ပေါ်ထွန်းလာသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို အတည်ပြု ပြဋ္ဌာန်းပြီး ဖွဲ့စည်းပုံအသစ်အရ ရွေးကောက်ပွဲပြုလုပ်၊ အစိုးရသစ်ပေါ်ထွန်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ တည်ဆောက် ဖော်ဆောင်သွားမည်။

တစ်ချိန်တည်း၌ ကျူးလွန်ခဲ့သမျှသော စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှု အစရှိသည်အားလုံး အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအရ အားလုံး တာဝန်ခံသွားရမည် ဆိုသည့် အချက်များဖြစ်သည်။

စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် လေလှိုင်းပေါ်မှတဆင့် ဖိတ်ခေါ်နေသော်ငြား မြေပြင်၌မူ အရပ်သားများကို ပစ်မှတ်ထား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရာဇဝတ်မှုများအား ထပ်တိုး ကျူးလွန်လျက်ရှိသည်။

ကချင်လွတ်မြောက်ရေးတပ်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း  ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ ၎င်းတို့ထံ စာဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း အကြောင်းကြားထားခြင်း မရှိကြောင်း သတင်းဌာနများကို ပြောကြားထားသည်။ 

KNU နှင့်အတူ  KIA၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း ၎င်းတို့အနေဖြင့် NCA လမ်းကြောင်းပေါ် ပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း အသီးသီး ပြောကြားထားသည်။ 

Most read this week

ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...