မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိက္ခများကြောင့် မြန်မာနိုင်ငံဖက်ခြမ်းမှာ အိန္ဒိယနိုင်ငံသို့ စစ်ဘေးရှောင်လာသူ ၂၄၀၀၀ ကျော်ရှိပြီး မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိသူအများဆုံးဖြစ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ဇိုရမ်ထန်းငါက မတ်လ (၂) ရက်နေ့တွင် ပြောကြားကြောင်း Mizoram News တွင်ဖော်ပြသည်။
အစိုးရမှတ်တမ်းများအရ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံသည့် မြန်မာနိုင်ငံသားပေါင်း ၂၄၂၈၉ ဦးရှိပြီဖြစ်ကြောင်း ဖေဖော်ဝါရီလက ဝန်ကြီးချုပ်မှ လွှတ်တော်သို့ အသိပေးပြောကြားခဲ့သည်။ အိမ်နီးချင်းဖြစ်သည့် ချင်းပြည်နယ်တွင် မကြာသေးမီကာလများအတွင်း စစ်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် မီဇိုရမ်ပြည်နယ်၏ အရှေ့မြောက်ဖက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် တိုးပွားလာကြောင်း ထိုသို့ရောက်ရှိလာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုးရ၊ NGO များ၊ ဘာသာရေးအဖွဲ့များ၊ ကျောင်းသားများနှင့် ကျေးရွာအာဏာပိုင်များမှ စားနပ်ရိက္ခာ၊ အမိုးအကာများနှင့် အခြားအကူအညီများပေးလျက်ရှိကြောင်း ဝန်ကြီးချုပ် ဇိုရမ်ထန်းငါက ပြောသည်။
အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သည့်အတွက် ဗဟိုအစိုးရမှ စစ်ဘေးရှောင်အရေးကို တိုက်ရိုက်လုပ်ဆောင်ရန် မဖြစ်နိုင်သော်လည်း ဗဟိုကိုမူ ၄င်းအနေဖြင့် တိုက်တွန်းထားကြောင်း ဝန်ကြီးချုပ်ကပြောသည်။
ဝန်ကြီးချုပ်က “ ဗဟိုဌာနက ကျွန်တော်တို့ကို ကူညီပေးပြီး အဲဒီကတစ်ဆင့် ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေကို ကူညီပေးနေပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါသွားသူများ အခက်အခဲမကြုံစေရန် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းလျက်ရှိကြောင်း၊ ယခုအတောအတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ယူကာ ဒုက္ခသည်ကတ်ပြားများကိုလည်း ထုတ်ပေးထားကြောင်း ပြည်နယ်လွှတ်တော်ကို အစီအရင်ခံခဲ့သည်။
လွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာနက “ အစိုးရအဖွဲ့အနေနဲ့ ရူပီး သိန်း ၃၈၀ ထောက်ပံ့တယ်။ ကယ်ဆယ်ရေးစခန်းများဆောက်လုပ်ခြင်း၊ စားနပ်ရိက္ခာ၊ သောက်သုံးရေးနဲ့ အဝတ်အထည်များထောက်ပံ့ပေးခြင်း၊ လျှပ်စစ်မီးရရှိရေး၊ ဆေးဝါးအကူအညီနှင့်မလ္လာဆိုင်ရာ အထောက်အကူပြုပစ္စည်းများအတွက် သုံးစွဲလျက်ရှိတယ်” ဟုစာဖြင့် ဖြေကြားခဲ့သည်။
စစ်ဘေးရှောင်မြန်မာနိုင်ငံသားများသည် ပြည်နယ် (၁၁) ခုတွင် ခိုလှုံနေထိုင်ကြပြီး Saiha ခရိုင်တွင် အများဆုံးအဖြစ် အိမ်ခြေ ၈၃၈၁၊ Champhai တွင် ၅၉၂၅ နှင့် Lawngtlai တွင် ၅၄၀၉၊ အာသံပြည်မြောက်ပိုင်း Kalosib ခရိုင်တွင် အိမ်ခြေ ၁၃၅ အသီးသီးရှိကြောင်း လူဦးရေအနေဖြင့် အိုင်ဇောလ်ခရိုင်တွင် ၄၉၉ ဦးခိုလှုံလျက်ရှိကြောင်းသိရသည်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် ကယ်ဆယ်ရေးစခန်းစုစုပေါင်း ၁၄၃ ခုဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံသား စုစုပေါင်း ၂၄၂၈၉ ဦးရှိသည့်အနက် ၉၀၃၃ ဦးရေမှာ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးပြီး ကျန် ၁၅၂၅၆ ဦးမှာ အခြားနေရာများတွင် နေထိုင်လျက်ရှိသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၅၁၀ ရှည်လျားသည့် နယ်နိမိတ်ထိစပ်ထားသည်။ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ မြန်မာနိုင်ငံတွင်း ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့အာဏာသိမ်းမှုနောက်ပိုင်း ရောက်ရှိကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားအများစုမှာ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုးများနှင့် လူမျိုးချင်းတူ ချင်းပြည်နယ်မှ ဒေသခံများဖြစ်သည်။







