ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်သုံးသပ်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားရန် RCSS/SSA ဆုံးဖြတ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်သုံးသပ်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားရန် RCSS/SSA ဆုံးဖြတ်
by -
ဖနိဒါ
ဇူလိုင်လ ၁၅၊ ဖနိဒါ ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော်(RCSS/SSA)က ငြိမ်းချမ်းရေးဖြစ်စဉ်များ ပြန်လည် သုံးသပ်ရန်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားရန် အပါအဝင် အချက် ၅ ချက်ကို ၆ လပတ်အစည်း အဝေးအပြီး ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်လိုက်သည်။ ဇူလိုင်လ ၁၀ ရက်မှ ၁၄ ရက်နေ့ထိ RCSS/SSA ဗဟိုဌာနချုပ်လွယ်တိုင်းလျန်တွင် ကျင်းပသော အစည်းအဝေးတွင် ချမှတ်လိုက်ခြင်းဖြစ်သည်။ “အဓိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူမျုုိးအလိုက် အမျိုးသာအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စကို ချမှတ်ခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ NCA Process တစ်ခုလုံးကို ပြင်ဆင်ရေးကိစ္စ၊ နောက်တစ်ချက်က နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွေကို Review လုပ်ဖို့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ချမှတ်ခဲ့ပါတယ်”ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်က မဇ္စျိမကို ပြောသည်။ RCSS/SSAက ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမျုုိးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ကျင်းပနိုင်ရေးအတွက် စတင် ပြင်ဆင်သွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရှမ်းလူမျိုးများ အားလုံး ညီညွတ်ရေးအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)မှ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သူက ပြောသည်။ NCA နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်များ ပြန်လည် သုံးသပ်မှုကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကာ အစိုးရနှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်ငင်းက ပြောသည်။ ၆ လတာကာလအတွင်း RCSS/SSA ဌာနအသီးသီးမှ ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ပြန်လည် သုံးသပ်ခဲ့ကြပြီး နိုင်ငံရေး၊ အမျိုးသား ညီညွတ်ရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အခြားလုပ်ငန်းကိစ္စများ သုံးသပ်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ ထို့ပြင် ထိုင်းအစိုးရ၏ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ ဥပဒေသစ်ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံရောက် တိုင်းရင်းသား ရွှေ့ပြောင်း အလုပ်သမားများကိုလည်း တတ်နိုင်သမျှ အကူအညီပေးသွားရန်နှင့် သိမ်းဆည်းခံရသည့် ပြည်သူလူထု၏ မြေယာများ ပြဿနာ ဖြေရှင်းရေးအတွက် အဖက်ဖက်နှင့် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် နမ့်ပါချီးအုပ်စု ဟိုင်ခိုင်းကျေးရွာ အနီးတွင် တပ်မတော်နှင့် RCSS/SSA တို့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...