မူဆယ်တွင် တစ်ရက်အတွင်း အလောင်း ၂ လောင်း တွေ့ရှိ

မူဆယ်တွင် တစ်ရက်အတွင်း အလောင်း ၂ လောင်း တွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇)ရက် တစ်နေ့တည်း အလောင်း ၂ လောင်း တွေ့ရကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီ (၂၇)ရက် မနက်ပိုင်းတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ တည်းခိုခန်းထဲတွင် သေဆုံး နေသည့် အမျိုးသားတစ်ဦးနှင့် ခိုဝန်းရွာအထက် နမ့်ပေါ့ချောင်းအတွင်း သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသား အလောင်း တွေ့ရှိခဲ့ကြောင်း သဒ္ဓါဖြူစင် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တည်းခိုခန်းမှာ သေဆုံးတဲ့သူက လားရှိုးက ကားသမားလို့သိရတယ်၊ ဆေးထိုးပြီးနောက် အရက်သောက်လိုက် တာကြောင့် သွေးလည်ပတ်မှု မကောင်းလို့ သေဆုံးရတယ်လို့ ပြောပါတယ်၊ နမ့်ပေါ့ချောင်းမှာ သေတဲ့သူကတော့ ရိုက်နှက်ဒဏ်ရာတွေလည်း တွေ့ရတယ်၊ သူကတော့ ပိုင်ရှင်မဲ့ပေါ့” ဟု ဦးအောင်နိုင်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ပေါ့ချောင်းအတွင်း တွေ့ရှိရသည့် အလောင်းသည် အသက် ၄၀ ဝန်းကျင် အမျိုးသားဖြစ်ပြီး ဦးခေါင်းနှင့် ခြေထောက်တို့တွင် ရိုက်နှက်ထားသည့် ဒဏ်ရာများတွေ့ရှိရပြီး အလောင်းအနေအထားအရ လွန်ခဲ့သည့် ငါးရက်ခန့် ကတည်းက သေဆုံးခဲ့သည်ဟု ယူဆကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

“နယ်ထိန်းတပ်ဖွဲ့တွေ အကြောင်းကြားလာလို့ ကျနော်တို့ ရောက်သွားတဲ့အခါမှာ အလောင်းအနေအထားက သေဆုံးတာ ငါးရက်လောက်ရှိနေပြီဗျ၊ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေ တွေ့ရတယ်၊ အဓိကကတော့ ခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာကြီးတယ်၊ ဘယ်သူဘယ်ဝါမှန်းတော့ မသိဘူး” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါ အလောင်း နှစ်လောင်းကို သဒ္ဓါဖြူစင်လူမှုကူညီရေးအသင်းမှ တာဝန်ယူ သဂြိုလ်ပေးလိုက်ကြောင်းလည်း သတင်းသိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်မြို့ဖြစ်သည့်အပြင် မူးယစ်ဆေးဝါးများ၊ လောင်းကစားရုံများ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပေါများတဲ့မြို့ ဖြစ်သည့်အတွက် လုယက်မှု၊ ခိုးမှု၊ လူသတ်မှုများကလည်း နေ့စဥ်နီးပါး ဖြစ်ပွားနေကြောင်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...