The Voice သတင်းစာ အယ်ဒီတာချုပ်၏ အာမခံကို ၆ ကြိမ်တိတိ တရားရုံးမှ ပယ်ချ

The Voice သတင်းစာ အယ်ဒီတာချုပ်၏ အာမခံကို ၆ ကြိမ်တိတိ တရားရုံးမှ ပယ်ချ
by -
ဇေယျာမော်/မဇ္စျိမ
ဇူလိုင် ၁၄ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုခြင်းကို ခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံကို ဗဟန်းမြို့နယ် တရားရုံးမှ ၆ ကြိမ်မြောက်အဖြစ် ပယ်ချလိုက်သည်။ ယင်းအတွက်ကြောင့် The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် ဇွန်လ ၂ ရက်နေ့မှ လက်ရှိအချိန်အထိ အကျဉ်းထောင်အတွင်းမှ နေကာ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ယနေ့ဗဟန်းမြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ရုံးထုတ်စစ်ဆေးမှု၌ တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီးလင်းထွန်း ကို အဓိကစစ်ဆေးမေးမြန်းချက်ပြီးဆုံးခဲ့သည်ဟု The Voice သတင်းစာ ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။ "အခုစစ်ဆေးစီရင်နေတဲ့ အမှုသည် ရဲလက်စွဲဥပဒေအရ ပိတ်သိမ်းခြင်းမပြုဘဲနဲ့ ရဲလက်စွဲဥပဒေ ၁၄၁၆ ကို ဆန့်ကျင်ပြီး တရားရုံးကို ရုံးတင်ကာ ဆက်လက်စစ်ဆေးစေခဲ့တယ်လို့ ပေါ်ပေါက်ပါတယ်" ဟု ဦးခင်မောင်မြင့်က ဆိုသည်။ ရဲလက်စွဲဥပဒေ ၁၄၁၆ အရ တိုင်ကြားသူ ၊ တိုင်ကြားခံရသူ ၊အမှုအကြောင်းအချင်းအရာများ အားလုံးတူညီလျှင် ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အဆိုပါအမှုကို တရားရုံးသို့ ဦးတိုက်လျှောက်ထားပါက ရဲစခန်းတွင် တိုင်ကြားသည့် အမှုကို ပိတ်သိမ်းရမည်ဟု ဖော်ပြထားကြောင်း ဦးခင်မောင်မြင့်၏ ပြောဆိုချက်အရသိရသည်။ မတ်လ ၂၆ ရက်ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်စာဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဟုဆိုကာ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၁၆ ရက် ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာ ရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် တရားသေလွှတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်လက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...