ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ

ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ

ယခုရက်ပိုင်းအတွင်းတွင် ကရင်နီပြည်နှင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ရှောင် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းသိရသည်။

တိုက်ပွဲတိမ်းရှောင်လာသူများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ များ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀ ခန့် တိုးလာကြောင်း သတင်းသိရသည်။

“အများစုက လွိုင်လင်လေးရွာကနေ စစ်ရှောင်လာတဲ့သူတွေ ဖြစ်ပါတယ်၊ သူတို့ရွာမှာ လက်နက်ကြီးကျတယ် ပေါ့၊ သေတဲ့သူလည်း သေတယ်၊ ပြီးတော့ အဲ့အနီးပတ်ဝန်းကျင်က အရင်ကတည်းက စစ်ရှောင်တဲ့သူတွေရော စုပေါင်းပြီး ဆီဆိုင်ဖက်ကို ထွက်ပြေးလာကြတာ” ဟု ဆီဆိုင်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့အတွင်းသို့ ထပ်မံရောက်ရှိလာသည့် ပြည်သူများသည် နယ်မြေငြိမ်းချမ်းပြီအထင်နှင့် နေရပ်သို့ ပြန်သွားရာမှ တိုက်ပွဲနှင့် တိုးမိပြီး ထပ်မံထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများလည်းရှိကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အေးချမ်းပြီထင်လို့ နေရပ်ပြန်သွားတဲ့ ထီစဲခါးကျေးရွာက ပြည်သူတွေနဲ့ တခြားရွာက သူတွေလည်း ပြန်ရှောင်ထွက်လာရတယ်၊ သူတို့နေရာမှာ တိုက်ပွဲပြန်ဖြစ်လို့တဲ့၊ အခုတော့ သူတို့အတွက် နေရာနဲ့ စားရေးသောက်ရေးစီစဥ်နေရာချထားပါပြီ” ဟု ဆီဆိုင်မြို့မှ စစ်ရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ဦးရေများ တိုးပွားလာသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်အတွက် လှူဒါန်းသည့်အလှူရှင် နည်း လာပြီး ရေရှည်ရပ်တည်နိုင်ရန်အတွက် ခက်ခဲမည်ကို စိုးရိမ်မိကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းတွင် စစ်ရှောင်များကို ထီးစဲခါးဘုန်းကြီးကျောင်း၊ ရေဖြူ၊ နောင်ထော်၊ တောင်လာဂရု၊ အောင်ကလပ်၊ ကောင်ထို၊ နောင်ဗိုကန်တော်လေးနှင့် ဆီဆိုင်ဘုရားဖြူစစ်ရှောင်စခန်း စသည်တို့တွင် နေရာချထားကြောင်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...