စစ်ကောင်စီတပ်က သံဖိုကျေးရွာရှိ လူနေအိမ်မီးရှို့၊ ရွာသားများ တောထဲထွက်ပြေးတိမ်း ရှောင်နေကြရ

စစ်ကောင်စီတပ်က သံဖိုကျေးရွာရှိ လူနေအိမ်မီးရှို့၊ ရွာသားများ တောထဲထွက်ပြေးတိမ်း ရှောင်နေကြရ

ကလေးမြို့နယ်တောင်ပိုင်း၊ သံဖိုကျေးရွာတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာ ကာ လူနေအိမ် ၂ လုံးကို မီးရှို့သွားပြီး ကျေးရွာနေ ပြည်သူအားလုံး တောထဲကို ထွက်ပြေးတိမ်း ရှောင်နေကြရ သည်ဟု သံဖိုကျေးရွာသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး၊ သူတို့က လာပြီးမှ မီးရှို့တာ။ ကလေးဖက်ကနေလာတဲ့ စစ်သားတွေ အင်အား ၇၀၊၈၀ လောက်ပေါ့ မနေ့က မီးရှို့ခံရတာ အိမ်က လောလောဆယ် ၂ လုံးပဲလို့တွေ့ရသေးတယ်။ ကျန်တာမသိရ သေးဘူး ရွာထဲလည်း သိပ်မပြန်ရဲကြသေးဘူး တရွာလုံးပဲ၊ ခုနလဲ လက်နက်ကြီးတွေနဲ့ထုလို့ ကျွန်တော်တို့ ဖက်နဲ့ နီးလို့ ပြန်ရွေ့ နေရတယ်။” တောထဲကို ထွက်ပြေးတိမ်းရှောင်နေသည့် သံဖိုကျေးရွာသား တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူနေအိမ် ၂ လုံးအပြင် ဆန်စက်ရုံကိုလည်း မီးရှိုခဲ့ကြပြီး CDF-KKG တပ်ဖွဲ့နှင့် ဒေသခံပြည်သူတစ်ချို့တို့က အချိန်မီငြိမ်းသတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် သံဖိုကျေးရွာမှ ၁ မိုင်ကျော်ကျော်ခန့်ဝေးသော ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားကာ ယနေ့နံနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် လှမ်းထုနေသောကြောင့် ဒေသခံ ကျေးရွာသားများမှာ တောထဲကို ပုန်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ကလေးမြို့မှ ၂၂ မိုင်ခန့်ကွာဝေးသည့် သံဖိုကျေးရွာတွင် ပြီးခဲ့သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့များက စပါးကျီ တိုက်တလုံးနှင့် လူနေအိမ်များ မီးရှို့ခဲ့ပြီးဖြစ်သည်။

ဖေဖော်ဝါရီလ ၂၃ ရက် ယမန်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မှန်တောကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက် ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်သည်ဟု CDF-KKG က ထုတ်ပြန်ထားသည်။

Most read this week

February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...