KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဆက်ဖြစ်၊ KIA တပ်စခန်းတစ်ခုကို အစိုးရသိမ်းပိုက်ဟုဆို

KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဆက်ဖြစ်၊ KIA တပ်စခန်းတစ်ခုကို အစိုးရသိမ်းပိုက်ဟုဆို
by -
မဇ္ဈိမ
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အစိုးရ တပ်မတော်တို့အကြား ဇွန်လ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KIA ၏ တပ်စခန်းတစ်ခုကို အစိုးရတပ်က သိမ်းပိုက်ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)နှင့် ဖားကန့်မြို့ခံများက ပြောသည်။

“ဒီနေ့လည်း တိုက်ပွဲသုံးနေရာ ဖြစ်တယ်။ ဖားကန့်ကားလမ်းပေါ်ကနေ ၈ မိုင်အကွာမှာ ရှိတဲ့ KIA ရဲ့ ပိုစ့်တစ်ခု သိမ်းလိုက်လို့ အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲပြန်ဖြစ်တယ်။ အစိုးရကိုလည်း တွေ့ဖို့ ပြောတော့ ပြောထားတယ်။ ဒါပေမဲ့ သူတို့ စခန်းသိမ်းဖို့ အင်အားတွေ ထပ်ဖြည့်နေတယ်ဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နေမလား။ ကျွန်တော်တို့လည်း ခန့်မှန်းရခက်နေတယ်”ဟု PCG မှ ဦးဆန်အောင်က ပြောသည်။

ဇွန်လ ၁၇ ရက် နံနက် ၆ နာရီမှစတင်၍ ဖားကန့်မြို့နယ် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ စခန်းအနီး ဇွတ်အောင်ယန်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်က ဖားကန့်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူနေသည်ဟု ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ဖားကန့်မြို့ခံ ဦးလမောင်လတောင်က ပြောသည်။

“တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ ဒီမနက် ၆ နာရီကနေစဖြစ်တယ်။ မနေ့ကလည်း တနေကုန်တိုက်ပွဲဖြစ်တယ်။ ဒီနေ့ဖြစ်တဲ့ နေရာက ဇွတ်အောင်ယန်မှာ။ လုံးခင်းကနေ ၁၀ မိုင်လောက်ဝေးတယ်။ KIO က နမ်ဂျန်ပိုစ့် သုံးခုကနေ ပိုစ့်တခု ဖယ်ပေးလိုက်ရတယ်လို့ သိရတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတဝိုက်မှ ဒေသခံ ၃၀၀ ကျော်သည် တိုက်ပွဲအတွင်း ပိတ်မိနေပြီး ဖားကန့်နှင့် ကားမိုင်းမြို့နယ်ကြား ကားလမ်းနဘေးမှ ဆိုင်းဖျာကျေးရွာသား ၂၀ ကျော်ကိုလည်း အစိုးရ စစ်ကြောင်းက ဖမ်းဆီးသွားသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ နေရာက လူ ၃၀၀ ကျော်ကို ဝိုင်းရံပြီးတော့ ဘယ်မှ မသွားရအောင် ထိန်းထားတယ်လို့ သိရတယ်။ အဲဒီမှာ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့လူတွေ ရှိတယ်။ ကျွန်တော်တို့ သိသလောက် တပ်ရင်း ၃ ရင်းလောက်ရှိတယ်လို့ ပြောတယ်”ဟု ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ဖားကန့်မြို့ခံ ဦးလမောင်လတောင်က ပြောသည်။

ဇွန်လ ၁၆ ရက်ကလည်း မြစ်ကြီးနားမြို့၊ မိုးကောင်းကားလမ်းအတိုင်း အစိုးရ စရခ ရ မှ စစ်ကား ၁၉ စီးခန့်သည် ဖားကန့်မြို့သို့ ဖြည့်တင်းလာသဖြင့် လက်ရှိ အစိုးရ စစ်အင်အား ၄၀၀ ခန့်ဖြင့် တိုက်ခိုက်နေသည်ဟု ၎င်းက ခန့်မှန်းသည်။

အစိုးရနှင့် KIA တို့သည် ဇွန်လ ၁၅ ရက်မှစတင်၍ ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ နေရာတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။ ၎င်းတိုက်ပွဲတွင် အစိုးရဘက်မှ ၆ ဦးခန့် ဒဏ်ရာရပြီး KIA ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ မြစ်ကြီးနားမြို့ ရုံးထိုင် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့က အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ထံသို့ ဇွန်လ ၁၆ ရက်က အကြောင်းကြားခဲ့ပြီး ဖြစ်သော်လည်း တုံ့ပြန်လာခြင်း မရှိသေးကြောင်း ဦးဆန်အောင်က ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...