သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် နေထိုင်သည့် လင်မယားနှစ်ဦးကို ဖေဖော်ဝါရီလ ၁၃ )ရက် တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လူငယ်အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်သတ်သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့လင်မယားနှစ်ဦးတည်း နေနေတာပါ၊ အမျိုးသမီးဖြစ်သူက အိမ်ရှေ့ဝန်းထဲမှာ ရိုက်ခံရတယ်၊ အမျိုးသား ဖြစ်သူကတော့ အိမ်နောက်ဘက်မှာ ဓါးဒဏ်ရာများစွာနဲ့ လဲကျနေပါတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ သေဆုံးသူများသည် သတလ အမှတ် ( ၁ )ရပ်ကွက် ညောင်ပင်လိုင်းတွင် နေထိုင်သည့် ဦးဝင်းအေး နှင့် ဒေါရီဝင်းတို့ လင်မယားဖြစ်ပြီး ဦးဝင်းအေးသည် ခေါင်းနှင့် လည်ပင်းတို့တွင် ဓါးဒဏ်ရာ ၈ ချက်၊ ဒေါ်ဝင်းရီသည် တုတ်နှင့်ဓားဒဏ်ရာများဖြင့် လှဲကျသေဆုံးနေကြောင်း သိရသည်။
ထိုလင်မယားနှစ်ဦးကို ဓားဖြင့် ခုတ်သတ်သည့် တရားခံ မောင်မြင့်ခိုင် (ခ) ဖိုးလုံးအား နမ္မတူမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် သက်ဇင် ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ငါးချက် ပစ်ဖေါက်ခြောက်လန့်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။
“ဆေးကြောင်တယ်လို့ မှတ်ယူရပါတယ်၊ ကျနော်တို့ဆီကို ပြည်သူသတင်းပေးပို့လာမှုကြောင့် သွားရောက်ဖမ်း ဆီးခဲ့တာ၊ ခုခံမှုတွေရှိလို့ သေနတ်ငါးချက်ပစ်ပြီးဖမ်းရတယ်၊ လက်ရှိတရားခံကို ပုဒ်မ ၃၀၂ နဲ့ အရေးယူဖို့ ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီ” ဟု နမ္မတူမြို့ ရဲစခန်းမှ အမှူစစ်အရာရှိ စခမ ရဲရင့်အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ နမ္မတူမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသလို ခိုးဆိုးလုနှိုက်မှု / ဓါးပြတိုက်မှုများလည်း များပြားလာပြီး သက်ဆိုင်ရာဘက်မှ ဖြေရှင်းပေးမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။







