ပြည်ထောင်စုနေ့တွင် အိန္ဒိယနိုင်ငံရောက် မြန်မာပြည်သူများမှ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ စစ်ကောင်စီအား အလုပ်အကျွေးပြုခြင်းကို ရပ်တန့်ရန်နှင့် နှိုးဆော်တိုက်တွန်းမှုအား ဥပက္ခာပြုပါက အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြင်းထန်သည့် ဆန့်ကျင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။
အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက “ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီဆက်ဆံရေးဖြတ်တောက်နိုင်ရေးနဲ့ သံတမန်ရေးရာမှာ စစ်ကောင်စီနဲ့ပတ်သက်ပြီး လျှော့သွားဖို့ပေါ့။ ပြီးတော့ သံရုံးဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနဲ့ပူးပေါင်းလာမယ်ဆိုရင် လက်ရှိအိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ အလုပ်တွဲလုပ်နေတာတွေကို ပြန်လည်သုံးသပ်လာတာမျိုးကို ဦးတည်စေချင်လို့ မြန်မာသံရုံးကို အိတ်ဖွင့်ပေးစာ ပေးတာဖြစ်ပါတယ်” ဟုပြောသည်။
အိတ်ဖွင့်ပေးစာတွင် “ကိုလိုနီလက်အောက် သူ့ကျွန်ဘဝကနေ အတူတကွလွတ်လပ်ရေးယူပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသော နိုင်ငံတော်သစ်တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် တောင်တန်း/မြေပြန့်စည်းလုံးညီညွတ်စွာဖြင့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့်သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ စ၍ ပြည်သူများ၏ မျှော်လင့်ချက်ကို ရှေ့ရှုပြီး အိန္ဒိယဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအား အလုပ်အကျွေးပြုခြင်းကို ရပ်တန့်ရန် အိန္ဒိယနိုင်ငံရောက် မြန်မာများမှ မြန်မာနိုင်ငံသူ/သားများကိုယ်စားတောင်းဆိုသည်” ဟုပါရှိသည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှု တစ်နှစ်ကျော်အတွင်း ပြည်သူကို လုံးဝအုပ်ချုပ်ခွင့်မရသည့်အပြင် မကြမ်းဖက်မှုများ၊ အနိုင်ထက်ပြုကျင့်မှုများ၊ လူ့ရပိုင်ခွင့်အခွင့်အရေးများချိုးဖောက်ခံရမှုများ၊ အပြစ်မဲ့ပြည်သူများစွာ သေဆုံးရသည့်အပြင် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူများမတရားဖမ်းစီးနှိပ်စက်ထောင်ချခံရပြီး သန်းနှင့်ချီသည့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ မိသားစုများဖရိုဖရဲပြိုကွဲခြင်း၊ တိုက်ပွဲများကြောင့် ပြည်သူများ၏ စိုးရိမ်မှု၊ ကြောက်လန့်မှုများနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြုံတွေ့ရပြီး ကမ္ဘာ့ကပ်ဘေးအပြင် အငတ်ဘေးနှင့်ပါကြုံတွေ့နေရခြင်း၊ အဆိုပါရင်ဆိုင်နေရမှုများကို တုံ့ပြန်ရင်ဆိုင်ကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အသက်နှင့်ရင်း၍ တိုက်ပွဲဝင်နေကြသည်ကို မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် သိရှိပြီးဖြစ်သည့်အတွက် ပညာဉာဏ်ဖြင့်သုံးသပ်ရန်လိုအပ်ကြောင်း အိတ်ဖွင့်ပေးစာတွင်ပါရှိသည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် စစ်အာဏာသိမ်းမှု ရက်ပေါင်း (၃၆၅) ရက်ကျော်ကြာသည်အထိ ပြည်သူများ၏လက်တွေ့အခြေအနေများကို မျက်ကွယ်ပြု၍ စစ်ကောင်စီတပ်အား အလုပ်အကျွေးပြုနေသည်ကိုလည်း အံသြရကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။







