နစကကောင်စီကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား NMSP နှင့် MUP တက်ရောက်သော်လည်း ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲသို့ NMSP တက်ရောက်မည်မဟုတ်

နစကကောင်စီကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား NMSP နှင့် MUP တက်ရောက်သော်လည်း ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲသို့ NMSP တက်ရောက်မည်မဟုတ်

နေပြည်တော်၌ မနက်ဖြန်တွင်ကျင်းမည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုအခမ်းအနားသို့ မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်ညီညွတ်ရေးပါတီ MUP တက်ရောက်ကြမည်ဖြစ်သော်လည်း တဆက်တည်းကျင်းပသွားမည့် ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲကို NMSP တက်ရောက်မည်မဟုတ်ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်က “ပြည်ထောင်စုနေ့ကို ဘယ်သူတွေက ဦးစီးကျင်းပနေတယ်လို့ ကျနော်တို့ပါတီအနေနဲ့ မစဥ်းစားပဲ အစဥ်အလာတစ်ခုအရ တက်သင့်တဲ့အခမ်းအနားလို့ရှုမြင်ပြီးတော့ ပြည်တွင်းက ဆက်ဆံရေးရုံးအရာရှိ ၂ ယောက်ကို သွားတက်ရောက်ဖို့ကို ရွေးချယ်တာဝန်ပေး စေလွှတ်လိုက်ပါတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သို့ရာတွင် ပါတီ၏လက်ရှိရပ်တည်ချက်နှင့် ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ဆုံးဖြတ်ချက်အရ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမည်မဟုတ်သဖြင့် ပြည်ထောင်စုနေ့အခမ်းအနားနှင့် တဆက်တည်းကျင်းပသွားမည့် ငြိမ်းချမ်ရေးအကြိုဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ တက်ရောက်မည်မဟုတ်ဟု ၄င်းက ဆက်ပြောသည်။

“PPST ဆုံးဖြတ်ချက်အရ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ရပ်ထားမယ်၊ ကျနော်တို့ပါတီ ဗဟိုကော်မတီကလည်း အခုလိုပဲဆုံးဖြတ်ထားတယ်၊ ဒါကြောင့် အခုပြည်ထောင်စုနေ့ သွားတက်ရောက်မယ့်သူတွေဟာ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့ပဲဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲ တက်ရောက်ဖို့ မဟုတ်ပါဘူး”ဟု နိုင်ဗညားလယ်က ပြောသည်။  

မွန်ညီညွတ်ရေးပါတီ ယာယီ ဥက္ကဌ ဒေါက်တာနိုင်လှအောင် နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် သွားရောက်နေပြီဖြစ်ကြောင်း ပါတီပြောခွင့်ရ နိုင်တလညီက ဆိုသည်။

“ကျနော်တို့ပါတီရဲ့ ယာယီဥက္ကဋ္ဌ နိုင်လှအောင် တက်မယ်၊ ပြည်ထောင်စုနေ့အတွက် ဖိတ်ထားတယ်လေ၊ ငြိမ်းချမ်းရေးအကြိုဆွေးနွေးပွဲအတွက်ဖိတ်ရင်လည်း တက်မယ်။ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအနေအထား အခက်အခဲတွေ အားလုံးက တွေ့ဆုံဆွေးနွေးပွဲကနေ တဆင့်သွားရမယ်လို့ ကျနော်တို့ပါတီက ခံယူထားတယ်၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို ကျနော်တို့ တက်တာပေါ့လေ” ဟု ပြောသည်။

သို့ရာတွင် နစကကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် (ကိုးကန့်) တပ်မတော် MNDAA နဲ့ ရက္ခိုင့်တပ်တော် AA တို့ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာထားသည်။

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...