မတူပီ-မင်းတပ်လမ်းတွင် စစ်ကောင်စီနှင့် CDF-Mindat တိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်အထိနာ

မတူပီ-မင်းတပ်လမ်းတွင် စစ်ကောင်စီနှင့် CDF-Mindat တိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်အထိနာ

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ မင်းတပ်မြို့သို့ ပြန်လှည့်လာသော မော်တော်ယာဉ် ၈၀ ကျော်ပါသည့် စစ်ကောင်စီ ယာဉ်တန်းကို ချင်းပြည်သူ့ကာကွယ်ရေး CDF-Mindat တပ်ဖွဲ့က အကြိမ်ကြိမ်ချုံခိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် အကျဆုံးများခဲ့သည်ဟုသိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့သို့ သံချပ်ကာ ၂ စီးနှင့် စစ်ကား ၈၁ စီးဖြင့် ပြည်လှည့်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ကစ၍ CDF-Mindat တပ်ဖွဲ့က လမ်းခုလတ်များတွင် အကြိ်မ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ခန့်သေဆုံးမှုရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကပြောသည်။

“ ဇန်နဝါရီလ ၂၅ မှာသူတို့ကစထွက်လာတယ် CDF-Matupi နဲ့တော့တိုက်ပွဲတွေဖြစ်ကြတယ်ပေါ့နော် ကျနော်တို့နဲ့စပြီး တိုက်ပွဲဖြစ်တာက ဇန်နဝါရီ ၂၈ ကျမှ တောက်လျှောက်ပဲ တိုက်မိုင်း ဆွဲမိုင်းတွေနဲ့ပေါ့နော် တချို့ကျတော့ ချုံခိုပစ်ခတ် တိုက်ခိုက်တာရှိတယ်ပေါ့နော် တောက်လျှောက်ပါပဲ တချိူ့ရက်တွေမှာဆိုရင် တရက်တည်းကို မနက်တကြိမ် ညတကြိမ် တိုက်ခိုက်တာရှိတယ် တိုက်ပွဲမဖြစ်တဲ့ရက်တွေလည်းရှိတာပေါ့ သေဆုံးသူကတော့ ကျနော်တို့အထင် ၂၀ ဝန်းကျင် လောက်တော့ရှိမယ် ဒီမင်းတပ်လမ်းပိုင်းမှာပေါ့လေ ကျနော်တို့နယ်ပိုင်းရောက်လာတဲ့အခါ ပဒေသာမိုင်းတွေ အလုံး ၆၀ လောက်ဖောက်ခွဲတာတွေရှိတယ် အဲဒါတွေကြောင့်လည်း မိုင်းထိတာတွေရှိတယ် မင်းတပ်မြို့ကို ရောက်သွားတဲ့ အချိန်မှာတော့ ဒဏ်ရာရတဲ့သူတွေ ကားအစီး ပေါင်း ၄၊၅၊၁၀ စီးမှာ ဒဏ်ရာရတဲ့သူတွေ အပြည့် အများကြီးတင်လာ တယ်လို့ပြောတယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မတူပီမြို့မှ စစ်ယာဉ်တန်းများဖြင့် ထွက်ခွါလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ကို မင်းတပ်-မတူပီလမ်းပိုင်း မိုင်တိုင် ၇၀၊ ၆၀၊ ၅၆၊ ၄၅၊ ၄၃၊ ၃၈၊ ၃၆၊ ၃၂၊ ၃၀၊၂၇၊ ၁၉ နှင့် ၁၆ တို့တွင် CDF-Mindat တပ်ဖွဲ့များက ပဒေသာမိုင်း၊ တိုက်မိုင်းများဖြင့် အကြိမ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများတွင် CDF-Mindat ဘက်မှ ရဲဘော် ၂ ဦးသာ ဒဏ်ရာရရှိခဲ့ပြီး အကျအဆုံးမရှိခဲ့ကြောင်း ဆလိုင်း ယောမန်ကပြောသည်။

မင်းတပ်-မတူပီလမ်းမကြီးသည် ၁၀၄ မိုင်ခန့်သာ ကွာဝေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် ၁၅ ရက်အကြာ ခရီးနှင်ခဲ့ကြရပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှသာ မင်းတပ်မြို့သို့ ရောက်ရှိနိုင်ခဲ့ကြပြီး ယနေ့မနက်ပိုင်း(ဖေဖော်ဝါရီလ ၁၀ ရက်)တွင် စစ်ယာဉ်တန်း အစီး ၂၀၊ ၃၀ တို့မှာ ပခုက္ကူ မုံရွာဘက်သို့ ပြန်ဆင်းသွားသည်ဟု CDF-Mindat ပြောရေး ဆိုခွင့်ရှိသူထံမှ သိရ သည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် မတူပီမြို့မှ စတင်ထွက်ခွါလာသည့်အချိန်တွင် CDF-Matupi တပ်ဖွဲ့ကလည်း ဇန်နဝါရီလ ၂၆ ရက်နေ့က မတူပီ-မင်းတပ်လမ်း မိုင်တိုင် ၈၀ တွင် ပစ်ခတ်တိုက်မှုကြောင့် စစ်ကောင်စီဘက်ကအနည်းဆုံး ၅ ဦးသေဆုံးခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...