မြေပုံမြို့နယ် သရက်တောင်ကျေးရွာမှ ဦးရွှေခဲစိန်က “ကျွန်တော်တို့မှာ ပုံစံ (၇) မရှိတဲ့အတွက် ငွေချေးမရဘဲ ဖြစ်နေပါတယ်။ ပုံစံ (၇) ကို အချိန်တိုအတွင်းမှာ မြေစာရင်းဌာနက ရဖို့ဆိုတာ မလွယ်ကူဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနှစ် တနှစ်ကို ယခင်နှစ်ကလို မြေခွန်ပြေစာနဲ့ ထုတ်ချေးစေလိုပါတယ်” ဟု ဆိုသည်။
ပုံစံ (၇) ဆိုသည်မှာ အစိုးရထံတွင် မှတ်ပုံတင်ထားသော လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ လယ်သမားအများစုမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရှိကြောင်း၊ မြေစာရင်းဌာသို့ တင်ပြ လျှောက်ထားသော် လည်း ငွေပေးနိုင်သူသာ ရပြီး ငွေမပေးနိုင်သူမှာ မရဘဲ ဖြစ်နေကြောင်း သူက ပြောဆိုသည်။
ကျောက်တော်မြို့နယ်မှ လယ်သမား တစ်ဦးကလည်း “ပုံစံ(၇)က လယ်သမားတိုင်းမှာ မရှိဘူး။ ကျွန်တော်တို့ ကျောက်တော်မြို့နယ်မှာ ဆိုရင် အများစု လယ်သမားတွေက ပုံစံ ခုနှစ် မရှိဘူး။ ဒီတော့ စိုက်ပျိုးစရိတ် ချေးငွေကို လိုအပ်တဲ့ အချိန်မှာ မရဘူးဆိုရင် ရခိုင်ပြည်နယ်မှာ လယ်တွေ အများကြီး မစိုက်ပျိုးနိုင်ဘဲ ကျန်သွားနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေကို စိုက်ပျိုးရာသီအတွင်း ရအောင် စီစဉ်ပေးစေလိုပါတယ်” ဟု ပြောကြားသည်။
ယခုကဲ့သို့ စိုက်ပျိုးစရိတ် ချေးငွေ ရရှိရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ဒေသအများအပြားရှိ လယ်သမားများ အနေဖြင့် အခက်အခဲကြံု တွေ့နေရသည်မှာ ဟုတ်မှန်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။
“ဒီနှစ် ငွေချေးမယ်ဆိုရင် ပုံစံ ရ လုပ်ရပါတယ်။ ပုံစံ ရ မရတဲ့သူတွေက များပါတယ်။ ပုံစံ ရ ရပြီးခါမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ထောက်ခံ ချက် ပေးရတယ်။ လယ်သမားခေါင်းဆောင်ကလည်း ထောက်ခံချက် ပေးရပါတယ်။ လုပ်ရတာကလည်း အဆင့်ဆင့်ပါ။ အဲဒီတာ့ ငွေထုတ်ချေးရတာကလည်း ကြန့်ကြာတယ်။ စိုက်ပျိုးရေး ၀န်ထမ်းကလည်း နည်းတယ်။ အောက်ခြေမှာ လည်း မြေစာရင်းဌာနက မြေတိုင်းတဲ့ လူတွေကလည်း ပုံစံ ရ လုပ်တဲ့ နေရာမှာ လာဘ်စားမှုတို့ လာဘ်ပေးလာဘ်ယူမှုတွေလည်း ရှိတယ်။ ဒါ့ပြင် တာဝန်ကျေပွန်အောင် မလုပ်ဘူးဆိုပြီး တိုင်ကြားတဲ့ ဖုန်းတွေက ခဏခဏ လာနေပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
မြေပုံမြို့နယ် မြေစာရင်းဌာန ဦးစီးမှူး ဦးသာထွန်းချေက “ကျွန်တော်တို့ မြေပုံမြို့နယ်မှာတော့ ပုံစံ (၇) ထုတ်ပေးတာ ၈၀ ရာခိုင်းနှုန်း ကျော်သွားပါပြီ။ မြေပုံမြို့နယ်မှာ မရဘူးဆိုတာတော့ မရှိပါဘူး။ ပုံစံ (၇) လုပ်တဲ့ နေရာမှာ လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်တော့ဘူး။ ကျွန်တော်တို့ဆီကို လာရောက် တိုင်ကြားတာတို့၊ အကြောင်းကြားတာတို့ မရှိတဲ့အတွက် နယ်တွေမှာ ဘာဖြစ်နေတာကို ကျွန်တော်မသိပါဘူး” ဟု ဖြေဆိုသည်။
မြေပုံမြို့ပေါ်သို့ ပုံစံ (၇) ရယူရန် ရောက်ရှိနေသူ သရက်တောင်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ၂၀၁၅ ခုနှစ် ဧပြီလကတည်းက ပုံစံ (၇) ကို လျှောက်ထားသော်လည်း ယနေ့ထိ မရရှိသေးဟု ပြောဆိုသည်။
“ကျွန်တော်ပုံစံ (၇) ကို မြို့နယ် မြေစာရင်းဦးစီးဌာနမှာ လျှောက်ထားတာ ဒီနှစ် လေးလပိုင်းကတည်းက ဖြစ်ပါတယ်။ ဒီကနေ့ထိ မရသေးပါဘူး။ အခုထက်ထိ မြေပုံမြို့ပေါ်မှာ ပုံစံ (၇) ကို လာစောင့်နေတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ရှိပါတယ်။ ဟိုနေ့ ရနိုးနိုး၊ ဒီနေ့ ရနိုနိုးနဲ့ စောင့်နေတာ တစ်လ နီးပါး ရှိနေပါပြီ။ ပိုက်ဆံတွေပြတ်ပြီး နယ်က လာတဲ့ လူတွေ အထူးဒုက္ခ ရာက်နေကြရပါတယ်” ဟု ဆိုသည်။
မြေပုံမြို့နယ်မှ ညောင်ကန်အုပ်စု၊ ၀ပေါ်ကြီးအုပ်စု၊ ယောချောင်းအုပ်စုနှင့် စိတ္တရ အုပ်စုမှ အနည်းဆုံး လယ်သမား ၃၀၀ ခန့်မှာ စိုက်ပျိုးရာသီ စနေပြီ ဖြစ်သော်လည်း ချေးငွေ ရရှိရန် ပုံစံ (၇) မရရှိသေး၍ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံ လယ်သမား တစ်ဦးကလည်း ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှ ကျေးရွာ အုပ်စုပေါင်း ၉၆၈ မှ လယ်သမား ၁၁၁၁၉၃ ဦးကို စိုက်ပျိုးစရိတ် ထုတ်ချေးသွားမည်ဟု စာရင်းထုတ်ပြန်ထားသော်လည်း ပုံစံ (၇) မရှိသဖြင့် လယ်သမားများ အခက်ခဲများနှင့် ယခုလို ရင်ဆိုင်ကြံုတွေ့နေကြရခြင်း ဖြစ်သည်။







