သျှမ်းပြည် ညီလာခံ ပထမအဆင့် တွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည် ညီလာခံ ပထမအဆင့် တွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေး အစုအဖွဲ့တရပ်ပေါ်ထွန်းလာရေးအတွက် သျှမ်းပြည် ညီလာခံ ဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲ ပထမအဆင့် ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ကမကထ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထို ပထမအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ (၃) ရက်မှ (၇) ရက်နေ့ထိ (၅) ရက်တာ ကျင်းပခဲ့ပြီး သျှမ်းပြည်တွင်း နှင့် ပြည်ပရှိ သံဃာတော်များ၊ အရပ်ဖက် အဖွဲ့အစည်းများ ၊ မြို့နယ်များမှ တက်ရောက်သူများ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အဖွဲ့ဝင်များ စုစုပေါင်း (၉၃) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“သျှမ်းပြည်တွင်း ပြည်သူတွေ စည်းလုံးညီညွတ်ဖို့။ သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဖက်ဖက်က လက်ခံနိုင်တဲ့ ဟာမျိုး၊ သျှမ်းပြည် ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှု တစ်ရပ် ပေါ်ထွန်းလာစေဖို့ ဖြစ်တယ်။ ခုက ဘာမူမှ မချမှတ်သေးဘူး ပြည်သူတွေရဲ့ သဘောထားတွေပဲ ဆွေးနွေးသေးတာ။ RCSS ကနေ သီးခြားလုပ်သွားတာ မဟုတ်ဘူး။ အဖက်ဖက်ကလည်း ပါဝင်ပါတယ်။ RCSS က ကမကထ ပြုလုပ်သွားတာပဲဖြစ်ပါတယ်” ဟု သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲ (ပထမအဆင့်) အတွင်းရေးမှူး စိုင်းလျှန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်ညီလာခံ ဖြစ်မြောက်လာစေရန်အတွက် အဆင့်ဆင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ပထမအဆင့်မှာ သျှမ်းတိုင်းရင်းသားထဲက လူမှုအဖွဲ့အစည်းများ၊ ဒုတိယအဆင့်အနေဖြင့် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ၊ တတိယအဆင့်အနေဖြင့် သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီများ နှင့် စတုတ္တအဆင့်မှ သျှမ်းပြည်ညီလာခံ ဖြစ်မြောက်လာမည်ဖြစ်ကြောင်း စိုင်းလျှန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စတုတ္တအဆင့်ကျရင် သျှမ်းပြည်တွင်း ကျနော်တို့ မြင်ချင်တဲ့ ဟာတွေ ကျနော်တို့ သဘောထားတွေ တူညီလာမယ်.။ အဲ့ချိန်မှ သျှမ်းပြည်ညီလာခံ ဖြစ်လာမယ်။ ခုက ကျနော်တို့ တွေ့ဆုံဆွေးနွေးတာ ဘာမှုမှ မချမှတ်ဘူး” ဟု စိုင်းလျှန်း ကပြောသည်။

အလားတူ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) သည်လည်း ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးမူကြမ်းကို အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များထံ (CSSU) က ချပြသွားရန် ရှိကြောင်း သိရှိရသည်။

“CSSU လုပ်နေတဲ့ မူကြမ်းမှာလဲ အာစီလည်း ပါဝင်တယ်။ CSSU မှာ အတည်ပြုသွားမယ့် မူကြမ်းလည်း အာစီရဲ့ သဘောထားလည်း ပါဝင်တယ်။ အခု ကျနော်တို့ လုပ်နေတာက ဘာမှ မချမှတ်သေးဘူး။ ပြည်သူလူထုရဲ့ အမြင်သဘောထားတွေကိုပဲ စုစည်းတာပဲ ရှိသေးတယ်။ တစ်ချိန်ကျရင်တော့ CSSU ရဲ့ မူနဲ့ သွားပြီးတော့ ထပ်တူကျမှာပါ ” ဟု စိုင်းလျှန်း က ထပ်လောင်းပြောသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသည် သျှမ်းပြည်ညီလာခံ ဖြစ်မြောက်ရေးအတွက် ကနဦးစတင်သည့်အဆင့် ဖြစ်ပြီး၊ သျှမ်းပြည်ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာအဆင့်အသီးသီး၊ အဖွဲ့အစည်းများ စုံလင်စွာ ပါဝင်ဆွေးနွေးနိုင်သည်အထိ အဆင့်ဆင့် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...