မွန်လူငယ်အချင်းချင်းကြား စုပေါင်းခေါင်းဆောင်မှု အရှိန်အဟုန်မြင့်ရန်နှင့် အမျိုးသားရေး တာဝန်များကို နိုင်သည့်ဘက်မှ ထမ်းဆောင်လာနိုင်ရန် ရည်ရွယ်ချက်များနှင့် ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်လူငယ်ညီလာခံကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်နေအထိ ကျင်းပခဲ့ကြသည်။
မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ သထုံခရိုင်မှာ ကျင်းပခဲ့သည့် ညီလာခံတွင် မွန်လူငယ်မူဝါဒများ အတည်ပြုမှု၊ မူဝါဒများ ဦးဆောင် အကောင်အထည်ဖော်နိုင်ရန် မွန်လူငယ်ဆုံရပ် (Mon Youth Forum-MYF) ကော်မတီဝင်အသစ် ရွေးချယ်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း MYF ၏ အထွေထွေအတွင်းရေးမှူးသစ်အဖြစ် ရွေးချယ်ခံရသူ မင်းမရော့ချိုင်း (မာံမြဟ်ဆာဲ) က ပြောသည်။
“ဒီလူငယ်နဲ့ နိုင်ငံရေး ကဏ္ဍမှာ အာဏာရှင်ကို တော်လှန်တာ အဲဒီ စာကြောင်းတွေ ပါလာတာ၊ ပြီးတော့ လူငယ်နဲ့ လူမှုရေးမှာလဲ ကိုယ့်လူမှုအသိုင်းအဝိုင်းမှာလည်း နှိပ်စက်တဲ့ဟာတွေကို ကျနော်တို့ ပြန်ပြီးတော့ တိုက်ဖျက်မဲ့ဟာပါတယ်အဲတာ။ အခုကျနော်တို့ ညီလာခံမှာ မြို့နယ်တစ်မြို့နယ်ကို နှစ်ယောက်စီ ရွေးချယ်ထားတာ ဖြစ်တယ်။ တစ်ချို့မြို့နယ်တွေကို ကိုယ်စားလှယ်တွေ မလွှတ်ပေးနိုင်တာလည်း ရှိတယ်၊ ပြီးတော့ ကျနော်တို့ အခုက (၁၆) မြို့နယ်လုံးတော့ စာရင်းထဲပါလာတယ်၊ ကျနော်တို့မှာ တစ်မြို့နယ် (၂) ယောက်ဆိုတော့ (၃၂) ယောက်၊ (၃၂) မှာ ဗဟိုကော်မတီ MYF မှာ ပါမယ်၊ ပြီးတော့ (၁၆) မှာ ကျနော်တို့ အတွင်းရေးမှူး သတ်သတ်ခွဲထားတယ်၊ (၁၆)ယောက်၊ အတွင်းရေးမှူးထဲမှာမှ ဦးဆောင်အဖွဲ့ကို (၅) ယောက် ထပ်ခွဲထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ ကော်မတီက အခုမှ စဖွဲ့တာဆိုတော့ သေချာတော့မသိဘူး။ ဒါပေမယ့် ကျနော်စဉ်းစားထားမိတာက ရွာတွေနယ်တွေမှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေကို ခိုင်အောင်လုပ်ဖို့။ ပြီးတော့ MYF မှာ ကျနော်တို့နဲ့ အတူတူ ပါဝင်နိုင်ဖို့ နောက်ပြီးတော့ မြို့ပေါ်မှာ မွန်အသိုင်းအဝိုင်းနဲ့ မနီးစပ်တဲ့ မွန်မြို့ပေါ်အဖွဲ့တွေနဲ့ နီးစပ်ဖို့ နောက်ပြီးတော့ နောက်တစ်ခုရှိသေးတယ် မွန်ခရစ်ယာန်အဖွဲ့တွေလည်း ဒီ MYF ထဲမှာ ပါဝင်လာဖို့ ကျနော်တို့ ထပ်ပြီးတော့ ကြိုးစားသွားမယ်၊ ဒီမွန်ယဉ်ကျေးမှု၊ မွန်ယဉ်ကျေးမှုစင်တာ Culture Center တစ်ခုဖြစ်ဖို့ ဒါက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးပေါ့၊ ကျနော့်ရဲ့ အမြင်ပေါ့နော်”ဟု မင်းမရော့ချိုင်း (မာံမြဟ်ဆာဲ) က ပြောသည်။

MYF အတွင်းရေးမှူးများ
အတည်ပြုလိုက်သည့် မွန်လူငယ်မူဝါဒတွင် အခန်းကြီး ၃ ခန်း၊ ပုဒ်မ ၂၆ ခုနှင့် ကဏ္ဍကြီး ၁၁ ခုတွေဖြစ်တဲ့ လူငယ်နှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စာပေ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ရိုးရာယဉ်ကျေး အနုသုခုမ၊ မူးယစ်ဆေးဝါး၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် သယံဇာတ ရေ၊ မြေ ထိန်းသိမ်းရေးတို့ ပါဝင်ကြောင်း သိရသည်။
ယင်းမူဝါဒမှာ မွန်လူငယ်များအားလုံးအတွက် အခြေခံမူ အမြင့်ဆုံးဖြစ်ပြီး မူဝါဒအပေါ် ချမှတ်ထားသည့် ရည်ရွယ်ချက်အတိုင်း စုပေါင်းခေါင်းဆောင်မှုများနှင့် အရောက်သွားနိုင်ရန် နိုင်ငံရေးပါတီ၊ အသင်းအဖွဲ့များ၊ ပြည်သူများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်သွားမည်ဟု ညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့သည်။
မွန်လူငယ်များ ဆုံရပ် MYF အကြံပေး နိုင်ဥာဏ်စိုက်ရာမာဥ်က “မွန်လူငယ်မူဝါဒကို ကျနော်တို့မျှော်လင့်နေတာကြာပါပြီ အခုဆိုရင် အတည်ပြုခဲ့ပြီးလို့ မွန်လူငယ်မူဝါဒ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်၊ ဒီမူဝါဒ ရုပ်လုံးပေါ်လာဖို့ဆိုရင် တစ်အချက်က မွန်လူငယ်များဆုံချက် MYF အထွေထွေ အတွင်းရေးမှူး ဦးစီးပြီး ဒီမူဝါဒတွေကို အခြေခံလို့ လုပ်ငန်းအကောင်အထည်ဖော်သွားရမယ့် နည်းဗျူဟာ မဟာဗျူဟာအပိုင်းတွေကို ရေးဆွဲအကောင်အထည်ဖော်ဆောင်သွားရပါမယ် ရှေ့ကိုဆက်သွားဖို့က သူတို့တာဝန်အပိုင်းဖြစ်သွားပါပြီ” ဟု ဆိုသည်။
(၃) ရက်တာ ကျင်းပခဲ့သည့် မွန်လူငယ်ညီလာခံမှာ မွန်သံဃာတော်၊ မွန်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ လူမှုအဖွဲ့အစည်းနှင့် သက်ဆိုင်ရာမြို့နယ်၊ ဒေသအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ ၁၇၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပထမအကြိမ် မွန်လူငယ်ညီလာခံကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ မော်လမြိုင်မြို့ သာသနာ ၂၅၀၀ မှာ ကျင်းပခဲ့ပြီး လူငယ်ကိုယ်စားလှယ်များ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။







