ဦးလွင်မိုးက “အရင်က ကန်ပက်လက်မြို့ပေါ်မှာ ဟိုတယ်လ်ဆောက်ဖို့ရည်ရွယ်ခဲ့ပေမယ့် နတ်မတောင် အမျိုးသားဥယျာဉ်က တာဝန်ရှိသူတယောက်ရဲ့ ဖိတ်ခေါ်ခဲ့မှုနဲ့ ဒီကိစ္စကို စတင်စဉ်းစားဖြစ်လာတာပါ။ အမှန်က ဒီနေရာက အရမ်းချောင်ကြတယ်။ ပြီးတော့ စီးပွားရေးကလည်း ငါးနှစ်လောက်မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ပြန်ဘူး။ ဒါပေမယ့် ဒီလိုလုပ်ငန်းတွေနဲ့ ဧည့်သည်တွေကို လာချင်အောင် ဆွဲဆောင်ရမယ်။ ဒေသခံတွေကို သွားရှင်းပြတော့လည်း လုပ်ငန်းသဘော နားမလည်တာလည်းပါမယ်။ လုပ်ဖူးကိုင်ဖူးပြီးမှ သိတာဖြစ်ပြန်တော့လေ။ ဒေသခံတွေ ကိုယ့်လူမျိုးအတွက် ကာကွယ်ပြီး ကန့်ကွက်တာ အပြစ်မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အဓိကပြသနာက ယုံကြည်မှု မရှိတဲ့ပြသနာပေါ့။ ကန့်ကွက်လိုက်တဲ့အတွက် ဒီနေရာက ဒီအတိုင်းပဲရှိနေမယ်။ သူတို့ဘက်က မယုံကြည်တဲ့အတွက် တခြားဒေသမှာ ပြောင်းလုပ်ရမှာပေါ့။ သူတို့ကန့်ကွက်တာ သဘာဝကျပါတယ်” ဟုပြောသည်။
မုန်းချောင်းကုမ္ပဏီမှ ကန်ပက်လက်မြို့နယ်တွင် မြေဧက (၁၆၉၇) လျှောက်ထားမှုအား ကန့်ကွက်လိုသူများအနေဖြင့် ဇူလိုင်လ (၁) ရက်နေ့မတိုင်မှီတွင် ကန့်ကွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စာထုတ်ပြန်ခဲ့သည်။ ဒေသခံများမှ လက်မှတ်ရေးထိုးကန့်ကွက်မှုများပြုလုပ်ခဲ့ကာ၊ နိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနှင့် ကန်ပက်လက်မြို့နယ်အသင်း(ရန်ကုန်) တို့မှလည်း ကန့်ကွက်မှုများပြုလုပ်ခဲ့ကြသည်။
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၏ ထုတ်ပြန်ချက်၌ ဤမျှကျယ်ဝန်းသည့် မြေဧကအား ပုဂလိကလုပ်ငန်းရှင်ကုမ္ပဏီတခုတည်း၏ လက်ထဲသို့ လုပ်ပိုင်ခွင့်ပေးခြင်းသည် ရေရှည်ဖွ့ံဖြိုးရေးနှင့် ချင်းအမျိုးသားရေးအတွက် အထူးအန္တရာယ်ရှိသည်ဟု ဖော်ပြထားသည်။
ခေါနူစုမ်(ခေါ်)နတ်မတောင်အမျိုးသားဥယျာဉ်၌ ဦးဆောင်ခဲ့သူတဦးဖြစ်ခဲ့သော ဦးရှိန်းဂေငိုင်းမှ “ခရီးသွားလုပ်ငန်းနဲ့ ဒီဒေသဖွ့ံဖြိုးဖို့အတွက် ဦးလွင်မိုးကို ဒီလာပြီးရင်းနှီးမြှပ်နှံဖို့ ကျနော်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပါ။ ပြီးတော့ ဒီမြေလွတ်၊ မြေရိုင်းတွေက နိုင်ငံတော်ရဲ့ စည်းမျဉ်းအရ ” ပုဂ္ဂလိက ပိုင်ဆိုင်လို့မရပါဘူး၊ ငှားရမ်းသုံးစွဲခွင့် သာရပါတယ်၊ အပိုင်သိမ်းဖို့ ၊ဝယ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်း မဟုတ်ပါဘူး၊ လုပ်ဖို့ကလည်း ကာလအတိုင်းတာ တစ်ခုထိပါပဲ၊စီမံခန့်ခွဲရေး ဥပဒေနဲ့ အညီ လျှောက်နေဆဲ ကာလပဲရှိပါသေးတယ်၊သစ်တောအလှတွေကို ပြပြီး၊ သစ်တောမထိတဲ့ ဝန်ဆောင်မှုတွေနဲ့ ပြစားဖို့ပါ၊ဒီဧကတွေက ရေစမ်းဦးလည်းဖြစ်တယ်၊ ကမ္ဘာဦး သစ်တောလည်း ဖြစ်တဲ့အတွက် လူတွေအခြေချ နေထိုင်ခဲ့ တာမရှိဘူး၊ တောင်ယာခုတ်တာတွေလည်း မရှိခဲ့ဘူး၊ အခုကျင်ဒွေးကနေပြီး တောင်ယာတွေ သတက်ခုတ်လာကြတော့ ဒီသဘာဝတွေပျက်လာ လိမ့်မယ်၊ ဒါကြောင့် လူထုကို ပညာပေးတဲ့ အနေနဲ့ကော၊ ရုက္ခဗေဒ ဥယျာဉ်မျိုးလည်း သက်ရောက်အောင် ရည်ရွယ်ရခြင်း ဖြစ်တယ်”ဟုပြောသည်။
ဒေသခံတဦးဖြစ်သည့် ဆလိုင်းမင်းညိုမှလည်း “ဒီမြေဧကတွေက ကျတော်တို့ ကျင်ဒွေးဒေသ မှာရှိတဲ့ ဘိုးဘွားစဉ်ဆက် မှီခို ထိန်းသိမ်းလာခဲ့ ကြပါ။ ဒီမြေတွေကို မြေလွတ်မြေရိုင်းမှာ သွတ်သွင်းလို့ မရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တခြားပြည်နယ်တွေမှာ ရှိရင်ရှိလိမ့်မယ်၊ ကျတော်တို့ မှာတော့ တောင်ကြောအလိုက်၊ခင်းကြောအလိုက်၊ မျိုးနွယ်စု အလို်က် အသီးသီး မြေတွေကို ပိုင်ဆိုင်နေကြတာဟာ ချင်းပြည်နယ်ရဲ့ ထူးခြားချက် တစ်ခုပါ၊နိုင်ငံတော် အနေနဲ့လည်း စဉ်းစားပေးသင့်ပါတယ်။ မြေဧက ဒီလောက်အများကြီးကို ပုဂ္ဂလိက ပိုင််ဆိုင်တဲ့ ကုမ္ပဏီတစ်ခုကို ပေးလိုက်မယ် ဆိုရင် မြေယာ ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်တယ်။သဘာဝ အလျောက်လုပ်နိုင်မည့် ကျေးရွာ လူထုတွေလည်း အများကြီး ရှိပါတယ် “ဟု သူကပြောသည်။
လက်ရှိတွင် ဦးလွင်မိုးသည် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကို ရှမ်းပြည်နယ်တွင် အကောင်ထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း အဆင့်မြင့် ရုပ်ရှင်ရုံ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။







