“ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာ ပိုအဆင်ပြေတယ်" ရိခေါဒါရ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

“ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာ ပိုအဆင်ပြေတယ်" ရိခေါဒါရ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ဒေသခံအများစုသည် တဖက် မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရိခေါဒါရ်မြို့သည် အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အမှတ် ၂ ရပ်ကွက်အနီးတွင် ဖြစ်ပွားခဲ့သည့်အတွက် အမှတ် ၂ ရပ်ကွက်မှ ပြည်သူအားလုံးနီးပါးသည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်ကို ဆက်သွယ်မေးမြန်းထားသည်။

မေး- ရိခေါဒါရ်ဘက်ကဒေသခံတွေ မနေ့က တရွာလုံးနီးပါးထွက်ပြေးကြတယ်လို့သိရပါတယ်။ ဘာကြောင့် ခုလိုထွက်ပြေးကြရတာလဲ။

ဖြေ- မနေ့က ကျွန်တော်တို့ ရိခေါဒါရ်အမှတ် ၂ ရပ်ကွက် နယ်စပ်နဲ့ထိစပ်တဲ့ရပ်ကွက်ပေါ့နော် အပေါ်ဖက်မှာ ပစ်ခတ်တာ ကြားလို့ ဟိုဖက်ကမ်းမှာ ဇိုခေါထာရ်ဘက်ကို ထွက်ပြေးကြတယ်။ ဒီနေ့တော့ အခြေအနေငြိမ်သွားပြီဆိုတော့ တဝက်လောက်ကတော့ ပြန်လာကြပြီ၊ ကလေးရှိတဲ့လူနဲ့ အဖိုးကြီး၊ အဖွားကြီးရှိတဲ့လူပဲ ဟိုဖက်ကမ်းမှာနေသေး တယ်။

မေး- မနေ့က တိုက်ပွဲက ဘယ်နားမှာဖြစ်လဲ၊ ဘယ်သူတွေနဲ့ ဘယ်သူတွေဖြစ်ကြလဲ။

ဖြေ- သူတို့ပြောတာကတော့ စစ်တပ်က CDF  ကို ပစ်တယ်လို့ပဲပြောကြတာပဲ။ အမှတ် ၂ ရပ်ကွက်ကနေ ၁ မိုင်လောက်ပဲ ဝေးမှာ။ မြို့ထဲမှာ ကျည်ဆံကျတာတို့ ပစ်တာခတ်တာတို့မရှိဘူး အသံကြားတာနဲ့ ပြေးကြတာပဲ။

မေး- ရိခေါဒါရ်မြို့က အမှတ် ၂ ရပ်ကွက်မှာ အိမ်ခြေလူဦးရေ ဘယ်လောက်လောက်ရှိလဲ။

ဖြေ- အိမ်ခြေက ၁ထောင်ရှိတယ်။ လူဦးရေက ၄ ထောင်ကျော်ကျော်ရှိတယ်။

မေး-  ဒေသခံတွေ အားလုံးနီးပါးက ထွက်ပြေးတိမ်းရှောင်နေကြတာလား။

ဖြေ- ၃ ပုံ ၂ ပုံလောက်ပြေးသွားမှာပေါ့။ နည်းနည်းအိမ်ခိုင်မာတဲ့၊ အိမ်ကောင်းရှိတဲ့သူတွေကတော့ မပြေးကြ ဘူးလေ။ တခြားလူတော့ပြန်လာ ကြပြီ။ အဖိုးကြီးအဖွားကြီး၊ ကျန်းမာရေးမကောင်းတဲ့သူတွေက ပြန်မလာ သေးဘူး။

မေး- ဒီလိုထွက်ပြေးကြတော့ တဖက် မီဇိုရမ်ဘက်မှာ ဘယ်လိုနေထိုင်ကြရလဲ။ နေရေးထိုင်ရေး အစားအ သောက်ပိုင်းမှာကော် ဘယ်လိုရှိလဲ။

ဖြေ- မနေ့ညကတော့ အမျိုးတွေ၊ သူငယ်ချင်းတွေစီမှာ တည်းတဲ့သူများတယ်။ အမှတ် ၂ နဲ့ ဇိုခေါထာရ်ရွာက နယ်စပ်ချင်းထိစပ်တယ်ဆိုတော့ တရပ်ကွက်လိုနေကြတာကိုး၊ ဟိုဖက်ကမ်းမှာလည်း ကျွန်တော်တို့ ချင်းပြည်နယ်သား တွေ အများကြီးဆိုတော့ အမျိုးတွေဆီမှာ၊ သူငယ်ချင်းတို့စီမှာ သွားအိပ်ကြတယ်၊ သွားစားကြတယ်။

မေး- မီဇိုရမ်ဘက်ကကော် ဘယ်လိုကူညီဆောင်ရွက်ပေးတာမျိုးရှိလဲ။

ဖြေ- အစိုးရဖက်က ဆောင်ရွက်ပေးတာတော့ မရှိဘူး။ ဒါပေမယ့် မီဇိုးလူငယ်တွေက လုံးဝတည်းစရာမရှိတဲ့၊ နေစရာမရှိတဲ့သူတော့ ထမင်းချက်ပေးတယ်။ ပြီးတော့ ဒုက္ခသည် စခန်းရှိတယ်အဲ့မှာသွားပြီးတော့ အရင်ရောက်တဲ့ ဒုက္ခသည်တွေက ထမင်းချက်ပေးတယ်။ မနေ့ညက အဲ့လိုလုပ်တယ်။

မေး- ရိခေါဒါရ်က နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာမြို့လည်းဖြစ်တော့ ကုန်သွယ်ရေးအခြေအနေကော် အကုန်ရပ်တန့်သွားပြီလား။

ဖြေ- အခုတော့ ကုန်သွယ်ရေးက ရပ်တာနည်းနည်းကြာပြီ။ ဘာဖြစ်လို့လဲဆိုတော့ သိုင်းငင်းဖက်မှာ တိုက်ပွဲရှိ တယ်ဆိုတော့ ကားမလာတော့ဘူးလေ။ ပြီးတော့ မီဇိုရမ်မှာ ကွမ်းသီးကိစ္စ သူတို့ပြဿနာဖြစ်တယ် ဆိုတော့ ကုန်သွယ်ရေးတော့ ရပ်သလိုဖြစ်တယ်။ တီးတိန်ဖက်ကနေ တွန်းဇံဖက်ကနေ နည်းနည်းပါးပါး တော့ သွားကြတယ်။ သိုင်းငင်းဖက်ကတော့ လုံးဝသွားလို့မရသေးဘူး။

မေး- အဲဒီဘက်မှာ စစ်သားတွေလည်း အင်အားဖြည့်တင်းလာတယ်လို့သိရပါတယ်။ ရှေ့လျှောက် တိုက်ပွဲဖြစ်လာမယ့် အခြေအနေမျိုးရှိလား။ တကယ်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။

ဖြေ- တပ်အင်အားဖြည့်တယ်ဆိုတာ ပြောတော့ ပြောကြတယ်။ ဒါပေမယ့် တကယ့်အသေးအစိတ်သိတဲ့သူ တော့ရှိ မယ်မထင်ဘူး။ မနေ့က တိုက်ပွဲစပြီဆိုတော့ ကျွန်တော်တို့ စိုးရိမ်တဲ့အခြေအနေမှာရှိနေတယ်။ တိုက်ပွဲတွေ ပြင်းထန်မ ယ်ဆိုရင် ဟိုဖက်ကမ်းမှာ ပြေးကြမှာ ပေါ့ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ရပ်ကွက်လိုပဲ ဟိုဖက်ဒီဖက်နေတယ်ဆိုတော့ ဒီမှာ ကြောက်စိတ်နဲ့ အိပ်တာ၊ နေတာထက် ဟိုဖက်ကမ်းမှာ လုံလုံခြုံခြုံနဲ့ နေတာပိုအဆင်ပြေတယ်၊  ဟို ဖက်ကလည်း တခါးလည်းဖွင့်ပေးတယ်။ မတားဘူးပေါ့နော လွတ်လွတ်လပ်လပ်သွား တယ်ဆိုတော့ ဟိုဖက် ကမ်းမှာနေချင်တာပေါ့။

မေး- တခြားဘာများဖြည့်စွက် ပြောချင်တာရှိလဲ။

ဖြေ- တခြားတော့ ပြောစရာတော့မရှိတော့ဘူး။ တိုက်ပွဲဆိုတာ ကျွန်တော်တို့လည်း သေချာပြောလို့မရတော့။ ဒါတော့ ဘုရားသခင်လက်ထဲပဲအပ်လိုက်တော့မှာပဲ။

May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...
May 9, 2024
ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ...
May 8, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း...