အဆီတဝင်းဝင်း၊ သဲတရှပ်ရှပ်…. ကျောက်မီးသွေးဇာတ်

အဆီတဝင်းဝင်း၊ သဲတရှပ်ရှပ်…. ကျောက်မီးသွေးဇာတ်
by -
ဟင်္သာမီဒီယာ
“ဆိုးကျိုးအနည်းဆုံးနဲ့ “ကောင်းပေ့“ ဆိုတဲ့ သဘာဝဓာတ်ငွေ့ကိုတော့ သူများနိုင်ငံကို ရောင်းချတယ်။ သူများဆီက “ဆိုးပေ့“ ဆိုတဲ့ ဟာတွေကို ပြည်တွင်းမှာ ပြန်ယူသုံးဖို့ ကမ်းလှမ်းတယ်ဆိုတာက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အင်မတန်နစ်နာလွန်းတယ်“

ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက လက်ငင်းအခြေအနေအပေါ်သုံးသပ်ချက်စကားဖြစ်သည်။

မွန်ပြည်နယ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏ ၃၅ ရာခိုင်နှုန်းဖြင့် ပဥ္စမမြောက်နေရာအဆင့်တွင် ရှိနေသည်။ ပမာဏအမြင့်ဆုံးသုံးစွဲနေသည့် ရန်ကုန်တိုင်းက ရ၈ ရာခိုင်နှုန်းရှိသဖြင့် ကွာဟချက် နှစ်ဆကျော်ရှိသည်ဟု ဆိုနိုင်ပေသည်။

နေပြည်တော်က ၃၉ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် စတုတ္ထအများဆုံးဖြစ်၍ မွန်ပြည်နယ်နှင့် ကွာဟနှုန်းနည်းသော်လည်း နယ်နိမိတ်ချင်းထိစပ်ကာ ရေမြေတကြောတည်းရှိနေသော ကရင်ပြည်နယ်မှာမူ တိုင်းနှင့်ပြည်နယ်အားလုံး၏ ၆ ရာခိုင်နှုန်းမျှသော လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏဖြင့် အနည်းဆုံးအဆင့်၌ ရပ်တည်နေလေသည်။

မည်သို့ပင်ဆိုစေကာမူ ခေတ်ကာလသည် နည်းပညာတိုးတက်ထွန်းကားလာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်မှာ တစ်နေ့ထက် တစ်နေ့ကြီးထွားကျယ်ပြန့်လာသည်။

လူနေမှုစနစ်မြင့်မားမှုအရှိန်အဟုန်က မြန်ဆန်သွက်လက်လာသလို စွမ်းအင်တောင်းဆိုချက်အလျဉ်နှုန်းကလည်း မနှေးလှ။ စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးသည် နိုင်ငံတိုင်းတွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်သလို စွမ်းအားရင်းမြစ်ကို အကောင်းမွန်အသေသပ်ဆုံးကိုင်တွယ် စီမံနိုင်သော အစိုးရတစ်ရပ်သည်လည်း နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် အဓိက မောင်းနှင်အားဖြစ်လာနေသည်။

လျှပ်စစ်ဓာတ်အားသည် နေ့စဉ်လူမှုဘဝဟန်ပန်အတွက်ရော၊ စက်မှုကုန်ထုတ်စွမ်းအားစုအတွက်ပါ အကျယ်ပြန့်အနက် ရှိုင်းဆုံးကွက်လပ်ကြီးဖြစ်လာနေသည်။

လျှပ်စစ်ဓာတ်အားသည်သာ အခရာ။ လျှပ်စစ်ဓာတ်အားကသာ မဆုံးတမ်းဖြည့်ဆည်းနေရမည့် လိုအပ်ချက်။ထိုစွမ်းအင်လိုအပ်ချက်အတွက် အရင်းအမြစ်များက ပြေးရေကြည့်၍ သော်မျှ လက်ဆယ်ချောင်းစာမပြည့်။ ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် နေ၊ လေစွမ်းအင်တို့မျှသာ။ နောက် ဒီဇယ်စွမ်းအင်ရင်းမြစ်ရှိဦးမည်။

နျုးကလီးယားမှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ပါက ဈေးသက်သာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးမည်မှန်သော်လည်း အမြင့်စားနည်းပညာအပြင် နိုင်ငံရေးကောင်းမွန်မှုကပါ လိုအပ်သေးသည်။ ဓာတ်အားရရှိရန် အနည်းဆုံး (၇) နှစ်ကြာမြင့်မည်ဆိုပြန်သည်။ နျူစွန့်ပစ်ပစ္စည်းကို ထိန်းသိမ်းနိုင်ရေးက ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများမှာပင် ချွေးပြန်လောက်စရာကိစ္စတစ်ရပ်ဖြစ်နေပြီး မတော်တဆနှင့်အခန့်မသင့်မှုများ တိုက်ဆိုင်ပေါ်ပေါက်လာပါက မျိုးဆက်နှင့်ချီပြီး အထိနာနိုင်သည်။

ထုတ်လုပ်မှုစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် ရေအားနှင့် သဘာဝဓာတ်ငွေ့တို့မှာလည်း အကန့်အသတ်ကိုယ်စီရှိနေကြသည်။ ရေအားလျှပ်စစ်စီမံကိန်းတစ်ရပ်အတွက် နယ်မြေဒေသခံတို့၏ လူမှုစီးပွားထိခိုက်မှုက တိမ်မယောင်နှင့် နက်သလို မိုးရေချိန်ကို အမှီပြုဖို့ဆိုသည်မှာ လက်ရှိရာသီဥတုအခြေအနေ ယွင်းပျက်ဖောက်ပြန်နေမှုက မျက်နှာသာပေးပါမည်လား။ မသေချာ။

ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဆိုသည့် သဘာဝဓာတ်ငွေ့မှာလည်း တွင်းထွက်လောင်စာဖြစ်သည်နှင့်အညီ အတိုင်းအတာဟူ၍ ရှိသေးသည်။ ဒီကြားထဲထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဝင်ငွေအလို့ငှာရောင်းချထားနှင့်ပြီးသားက ဖြစ်နေပြန်ပါသည်တဲ့။ လျှပ်စစ်တစ်ယူနစ်လျှင် ထုတ်လုပ်မှုစရိတ်ချည်းသက်သက်(ဖြန့်ဖြူးမှုစရိတ်မပါ) ၁၂ဝ ကျပ်မှ ၁၃၅ ကျပ်ကျော်ထိကျသင့်လိမ့်မည်ဆို၏။

coal3 1024x585

နေစွမ်းအင်နှင့် လေစွမ်းအင်ကို အသုံးချ၍ ဓာတ်အားထုတ်ယူရန်မှာ နေရာဒေသအကျယ်အဝန်း၊ မြေမျက်နှာသွင်ပြင်အနေအထား၊ ရာသီဥတုအခြေအနေတို့ ပြည့်စုံညီညွတ်ပြီဆိုသည့်တိုင် ထုတ်လုပ်မှုအသားတင်ကုန်ကျစရိတ်ကချည်း တစ်ယူနစ်နှုန်း ၁၃၅ ကျပ်ဝန်းကျင်ကျသင့်မည်ဆိုပြန်သည်။ ပိုဆိုးသည်မှာ တည်ဆောက်ချိန်ကြာမြင့်ဦးမည်။

လူနေမှုစနစ်၏ လျှပ်စစ်ဓာတ်အား ဆာလောင်ငတ်မွတ်မှုအာသာပြင်းပြစွာ တောင်းဆိုနေချက်က ဒီနေ့မရလျှင် မနက်ဖြန်နောက်ဆုံးထား၍ ဆိုသည့်အခြေအနေ။

ဤသို့ဖြင့်…ထိုသို့ဖြင့်..ဝေဖန်မှုများနှင့် အငြင်းပွားဖွယ်ရာများ၊ ကောင်းကျိုးဆိုးပြစ်ချိန်ဆတွက်ချက်၊ ဝိဝါဒကွဲပြားရခြင်း များပြည့်နှက်နေသော“ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း“ ဆိုသည့် ဝေါဟာရက ယနေ့မွန်နှင့် ကရင်ပြည်နယ်တွင် လူမှုဘဝမျက်နှာစာရှေ့တန်းထိ ရောက်ရှိလာရခြင်းဖြစ်လေသည်။

“ကျောက်မီးသွေးလို့ ပြောလိုက်ရင် တိုင်းရင်းသားဒေသတွေကိုပဲ ပစ်မှတ်ထားလာကြတယ်။ တိုင်းရင်းသားတွေဘက်က ဘယ်လိုခံစားရလဲဆိုတော့ မဟုတ်တာတွေ တို့နယ်မှာ လာလုပ်တယ်။ နောက်ပြီး လျှပ်စစ်ထွက်လို့ရှိရင် ပြည်ပ. တွေကချည်းပဲ သုံးကြတယ်ဆိုတဲ့ ကိစ္စက တိုင်းရင်းသားစည်းလုံးညီညွတ်မှုပဲပြောပြော၊ အပြန်အလှန်ယုံကြည်မှုပဲပြောပြော ဒါတွေက ထပ်ပြီးတော့ ပြဿနာပိုကြီးထွားလာနိုင်တယ်လို့ ယူဆတယ်။ ဒါတွေကို လက်ရှိအစိုးရအနေနဲ့ ဆင်ခြင်သင့်တယ်လို့ ကျွန်တော်ယူဆတယ်“ ဟု ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြပါသည်။

ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံအေတော်များများသည် ကျောက်မီးသွေးနှင့်ပတ်သက်လာပါက ယင်းတို့နိုင်ငံအတွင်းမှာပင် ဆက်မထားကြတော့ဘဲ ဖွံ့ဖြိုးရန်အားယူအရှိန်ယူဆဲနိုင်ငံများ၊ ဥပဒေအရ နိုးကြားမှုမရှိသေးသော …၊ တစ်နည်းအားဖြင့် ဥပဒေလွှမ်းမိုးမှု အားမကောင်းသော နိုင်ငံများဘက်သို့ ခြေဆန့်လာကြောင်း၊ ခြေဆန့်လာသောနိုင်ငံများတွင်မှ မြန်မာ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ ရွေးချယ်စရာနိုင်ငံများဖြစ်လာကြောင်း ၎င်းက အကျယ်တဝင့်ပြောဆိုလိုက်ပါသည်။

မွန်ပြည်နယ်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး မင်းထင်အောင်ဟန်က “ကျောက်မီးသွေးသုံးမှ အဆင်ပြေမယ်။ Clean Coal ကျောက်မီးသွေး မဂ္ဂါဝပ် ၆ဝဝ ထွက်မှ တစ်ယူနစ် ရဝ ကျပ်ကျမှာဖြစ်တယ်။ Gas ကလည်း တစ်ယူနစ် ၁၇ဝ ကျပ်ပေးနေရတယ်“ ဟု ပြောပါသည်။

တိုင်းပြည်လိုအပ်ချက်အရလုပ်ကို လုပ်ရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင် လုပ်သည်မှာ မည်သို့မသိသေးကြောင်းနှင့် ပြည်ပကို ရောင်းရန်ဆိုလျှင်တော့ တိုင်းပြည်က လက်ခံမည်မဟုတ်ကြောင်း ဦးမင်းထင်အောင်ဟန်က ဆိုသည်။

စွမ်းအင်လောင်စာအတွက် မည်သည့် အရင်းအမြစ်ကို အသုံးပြုရမည်ဆွေးနွေးဆဲကာလသာရှိသေးပြီး ဆုံးဖြတ်ချက်မချမှတ် ရသေးကြောင်း၊ သဘာဝဓာတ်ငွေ့ကို အသုံးပြုမည်ဆိုပါက ဓာတ်အားခကြီးမြင့်လာမည်ဖြစ်ပြီး ပြည်သူများအသုံးပြုနိုင်မနိုင်ကို ချိန်ဆတွက်ချက်ပြပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း အဆိုပါ ဓာတ်အားခနှုန်းထားနှင့်ဆိုပါက ဖိတ်ခေါ်ရန် မလွယ်ကြောင်း၊ ကျောက်မီးသွေးကို အခြားတိုင်းပြည်တို့ပင် အသုံးပြုနေကြသလို ဂျပန်နိုင်ငံသည်လည်း ယခုနှစ်တွင် ကျောက်မီးသွေးစက်ရုံ ၄၅ ရုံထပ်မံတည်ဆောက်ရန်ရှိကြောင်း၊ နည်းပညာမြင့်၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိကြောင်း ဝန်ကြီး မင်းထင်အောင်ဟန်က ဖြည့်စွက်ပြောဆိုပါသည်။

“လုပ်မယ်ဆိုရင်လည်း Clean Coal နည်းပညာနဲ့ လုပ်ဖို့ဒေါ်အောင်ဆန်းစုကြည် ပြောထားပြီးပြီ။ စက်ဝယ်ယူရင်တောင် စက်အသစ်တွေ၊ အကောင်းစားစက်တွေ ဝယ်ဖို့မှာထားတယ်။ တကယ်လို့ကျောက်မီးသွေးနဲ့လုပ်ဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည်က မှာထားတာဖြစ်တယ်။ ဒါပေမယ့် Clean Coal နည်းပညာကို သုံးရမယ်။ မလုပ်ရင်ဒီတိုင်းပြည်က သွားလို့မရတော့ဘူး“ ဟု ၎င်းက သတင်းစကားပါးထားသည်။

Clean Coal Technology …တဲ့ ။ မြန်မာ့နားနှင့်တော့ ဒီစကားရပ်က စိမ်းကောင်းစိမ်းနေနိုင်သည်။

“သန့်ရှင်းသော ကျောက်မီးသွေးနည်းပညာ“…။အဓိပ္ပာယ်ဖွင့်ဆိုချက်အားဖြင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို လျော့နည်းစေရေးအတွက် ကြံဆအသုံးပြုသည့် လက်ရွေးစင်နည်းပညာများကို စုစည်းခေါ်ဆိုသည်။ ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် ဓာတ်သတ္ထုများကို သိုလှောင်ဖမ်းဆီးထိန်းချုပ်ထားနိုင်သည့် နည်းပညာများကို အသုံးပြုခြင်းဟု ဆိုကြသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုကို ဖမ်းဆီးထိန်းချုပ်နိုင်သည့် နည်းပညာများကို ဆိုလိုရည်ညွှန်းသည်ဟုသိရသည်။

မော်လမြိုင်မြို့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုဆိုင်ရာ အချက်အလက်များအရ သတ်မှတ်ချက်ထက် ၆ ဆကျော်ပို၍ ညစ်ညမ်းနေပါသည်။ လေထုညစ်ညမ်းမှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်ထက်ပင် ပိုမိုနှုံန်းမြင့်နေသည်ကို ဖော်ပြထားပါသည်။

မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က“ကျွန်တော်တို့ နိုင်ငံအနေအထားအရရော ၊ စီးပွားရေးအရရော ကျောက်မီးသွေးက ကုန်ကျစရိတ်လည်း သက်သာတယ်။ လျှပ်စစ်ဓာတ်အားလည်းရတယ်။ ကျောက်မီးသွေးကတော့ အစိုးရက ပြည်သူကို စေတနာနဲ့လည်ပတ်ချင်တယ်။ ပြည်သူကလည်း ကန့်ကွက်မှုတွေများနေတယ်။ ကျောက်မီးသွေးက လုပ်မယ်ဆိုလုပ်လို့ရတယ်။ လျှော့ချတဲ့စနစ်နဲ့ လုပ်ရမယ်။ ဆိုးကျိုးတွေ မရှိအောင် ဘယ်လိုကာကွယ်ပေးရမလဲဆိုတာဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်ရမယ်“ ဟု ဝိုင်းဝန်းစဉ်းစားကြရန် အကြံပြုပါသည်။

ရုပ်ကြွင်းလောင်စာတစ်ရပ်ဖြစ်သော ကျောက်မီးသွေး၏ အားသာချက်များမှာ ကုန်ကြမ်းအလွယ်တကူ ဝယ်ယူနိုင်ခြင်း၊ ထုတ်လုပ်မှုစရိတ်သက်သာခြင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပြီး လက်ရှိကုန်ကြမ်းသုံးစွဲနည်း အတိုင်းသာဆိုပါက နောင်နှစ်ပေါင်း ၁၁ဝ ခန့်အထိ လုံလောက်သော ပမာဏရှိနှင့်ထားကြောင်း World Coal Association ၏ အစီရင်ခံစာတစ်ရပ်တွင်တွေ့ရသည်။

ကမ္ဘာ့ဒေသအနှံ့အပြား၊ နိုင်ငံအားလုံးနီးပါးတွင် အလုံအလောက်ရရှိနိုင်ခြင်း၊ လေနှင့် ရေကဲ့သို့ မဟုတ်ဘဲ ဥတုရာသီမရွေး လည်ပတ်ထုတ်လုပ်ပေးနိုင်ခြင်းအပြင် ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးခြင်းကလည်း ကျောက်မီးသွေး၏ ကုန်ကြမ်းအားသာချက်ဖြစ်သည်။ ဓာတ်အားခတစ်ယူနစ်နှုန်းထားမှာ ၁ဝဝ ကျပ်ဝန်းကျင်သာကျသင့်မည်ဆိုကြ၏။

မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO) ညွှန်ကြားရေးမှူး မင်းစိုက်ရော့ဒ်က.“ကမ္ဘာက လက်မခံတဲ့ အလုပ်တွေပဲ ကျွန်တော်တို့နိုင်ငံက လက်ခံနေတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း အမြတ်တစ်ခုတည်းပဲ ကြည့်ကြတယ်။ သူတို့ရရှိတဲ့ အကျိုးအမြတ်တစ်ခုနဲ့ ကိုယ့်ပြည်သူတွေဆိုးကျိုးခံစားနေရတာ မဖြစ်သင့်ဘူး“ ဟု ဝေဖန်ပြောဆိုလိုက်ပါသည်။

ကျောက်မီးသွေးရင်းမြစ်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူနိုင်မည့် အားနည်းချက်များမှာ နည်းပညာအမြင့်စားကို အသုံးမပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်ခြင်း၊ အက်ဆစ်မိုးရွာသွန်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်သမားများ ပြင်းထန်စွာကန့်ကွက်လျက်ရှိကြခြင်းတို့ဖြစ်သည်။ လူသူကွာလှမ်းသော ဒေသ၌ တည်ဆောက်ရန်လည်း လိုအပ်ပါသည်။

ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသ၊ MCL ဘိလပ်မြေစက်ရုံအနီး၊ မဲကရိုကျေးရွာနေ နိုင်ရွှေဝင်းက“အန္တရာယ်က အကျိုးအမြတ်ထက်ကြီးနေတယ်။ ကုန်ကျစရိတ်နည်းတယ်။ အချိန်ကုန်သက်သာတယ်။ ကုမ္ပဏီဘက်က တွက်ခြေကိုက်တယ်။ ကျွန်တော်တို့ လယ်ယာ၊ ရေလမ်းကြောင်း၊ သဘာဝတောင်တန်းတွေပျက်စီးကုန်တယ်။ ကျန်းမာရေးလည်း ထိခိုက်လာမယ်။ အန္တရာယ်ဖြစ်စေတဲ့ ကျောက်မီးသွေးကို ကျွန်တော်တို့ လုံးဝမထောက်ခံဘူး“ ဟု ၎င်း၏ သဘောထားကို ဖွင့်ဟပါသည်။

ရေးမြို့နယ်၊ အံဒင်ကျေးရွာနေ မနီမာဦးကလည်း“လျှပ်စစ်မီးရဖို့ဆိုရင် လျှပ်စစ်မီးက အစိုးရကို သူရောင်းမယ်။ ၉ဝ ရာခိုင်နှုန်းက တခြားနိုင်ငံကိုတင်ရောင်းမယ်။ ကျွန်မတို့ဒေသခံအတွက် ဘာမှ အကျိုးမရှိဘူး။ မီးလင်းဖို့လုပ်ပေးလည်း ကျွန်မတို့မယူဘူး။ ဘယ်တော့မှ ထောက်ခံမှာမဟုတ်ဘူး။ အကျိုးအမြတ်ထက် အန္တရာယ်ကြီးနေတဲ့အတွက်ကြောင့်…“ ဟု ပြောဆိုပါသည်။

လက်ရှိ ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာတွင် တည်ဆောက်မည့် ၁၂၈ဝ မဂ္ဂါဝပ် ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံထွက်ရှိမည့် လျှပ်စစ်ကို မဟာဓာတ်အားလိုင်းသို့ပေးမည်ဖြစ်သည်။ သို့ဖြစ်၍ တစ်နိုင်ငံလုံး လျှပ်စစ်ရရှိမှုပမာဏ၏ ၆ ရာခိုင်နှုန်းသာရှိသည်ဆိုခဲ့သော ဒေသခံတို့အတွက် အကျိုးရလဒ်နှင့် နောက်ဆက်တွဲအကျိုးဆက်ကို သုံးသပ်ဝေဖန်ငြင်းခုံနေကြသည်လည်း ကြားသိနေရပါသည်။

“အရင်တုန်းက နည်းပညာအဟောင်းတွေနဲ့ လုပ်ခဲ့တာဖြစ်တယ်။ ခုချိန်မှာ နည်းပညာလည်း တကယ်တိုးတက်နေပြီ။ ဂျပန်နိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Ultra Super Critical (USC) နည်းပညာအတိုင်းပဲ အကောင်အထည်ဖော်ဖြစ်ရင် လုပ်သွားမှာဖြစ်တယ်“ ဟု

စီမံကိန်းဖော်ဆောင်မည့် TTCL Public Co.Ltd မှ ကရင်ပြည်နယ်တာဝန်ခံမန်နေဂျာ ဦးထက်အောင်မွန်က ဟင်္သာမီဒီယာကို ပြောကြားခဲ့ပါသည်။
စက်ရုံက ထွက်ရှိလာသမျှ လျှပ်စစ်ဓာတ်အားကို ပြည်ပသို့ရောင်းချမည်မဟုတ်ဘဲ ပြည်တွင်းမဟာဓာတ်အားလိုင်းပေါ် တင်ပေးလိုက်သည်နှင့် ကုမ္ပဏီ၏ ထုတ်လုပ်မှုအခန်းကဏ္ဍ ပြီးစီးပြည့်မြောက်ပြီးဖြစ်ပြီး၊ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းမှာ လျှပ်စစ်ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် အပိုင်းဖြစ်ကြောင်း ၎င်းက ပြောဆိုပါသည်။

ကျောက်မီးသွေးဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့၊ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက“အစိုးရအနေနဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းမယ့်အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် NLD ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန် ပြောသွားတယ်။ သူတို့ဆန္ဒပြရင်လည်း ဂရုစိုက်မှာမဟုတ်ဘူး ဆိုတာ။ ပြည်သူ့ဆန္ဒကို ပစ်ပယ်ရာကျတယ်။ ကျွန်တော်တို့ကန့်ကွက်သူတွေကလည်း ဒေသအတွက် ကောင်းရင် အကုန်လုံးလက်ခံကြမယ်။ မကောင်းဘူးဆိုတာမြင်လို့ ကန့်ကွက်ကြတာဖြစ်တယ်။ ပြည်သူ့လိုအပ်ချက်ကို လုပ်တဲ့နေရာမှာ ပြည်သူ့ဆန္ဒမပါဘဲ လုပ်လို့ရှိရင် ဒီမိုကရေစီစံနှုန်းတွေ ပျက်ယွင်းတယ်လို့ပဲမြင်တယ်“ ဟု ပြောကြားပါသည်။

အာဏာရပါတီမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ အဆိုပါမှတ်ချက်စကားသည် ရွေးကောက်ပွဲကြေညာစာတမ်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုတစ်စုံတစ်ရာရှိမရှိ ဆွေးနွေးသုံးသပ်ဖွယ်ဖြစ်နေကြောင်း မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ရှုမြင်ချက်ကို ဖွင့်ဟပါသည်။

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၏ ပြတ်ပြတ်သားသားတာဝန်ယူစကားဆိုခဲ့ခြင်းအပေါ် စိတ်ဝင်စားမှု ဒီရေမြင့်တက်နေကြသည်လည်းရှိ သလိုပညာရှင်ဒေါက်တာ ခင်မောင်ညိုကမူ “ကရင်ဝန်ကြီးချုပ်ကတော့ သူအာမခံတယ်ပြောတယ်။ ဒီကိစ္စက အာမခံလို့ မရဘူးလေ။ သူက ပညာရှင်လည်း မဟုတ်တော့ ဖြစ်လာမယ့် ဆိုးကျိုးတွေကို သေချာမသိနိုင်ဘူး“ ဟု တုံ့ပြန်ဝေဖန်လိုက်သည်။ ၎င်းနောက်ဖြည့်စွက်ပြော ဆိုသည်မှာ-“နိုင်ငံတကာရဲ့ အကူအညီလည်း ယူရမှာပေါ့။ ကိုယ့်နိုင်ငံက ဓာတ်ငွေ့တွေကျတော့ သူတို့ယူထားတယ်လေ။ ထိုင်းမှာတော့ သန့်သန့်ရှင်းရှင်းနဲ့ မီးလင်းပြီး တို့နိုင်ငံက ညစ်ညစ်ပတ်ပတ်နဲ့ မီးလင်းရမယ်ဆိုတာတော့ မဟုတ်သေးဘူးလေ။ သူများကိုတော့ ထမင်းအကောင်းကျွေးတယ်။ ကိုယ်တွေကျ ထမင်းအသိုးစားရမယ်ဆိုတာတော့ မဖြစ်သင့်ဘူးလေ“ ဟု ထောက်ပြပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ၂ဝ၁၇ မေဒေးတွင် ပြောကြားခဲ့သည့် “ကျောက်မီးသွေးမသုံးရင် ဒီနိုင်ငံမတိုးတက်နိုင်ဘူး“ ဆိုသော စကားရပ်အပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်၏ ပြောကြားချက်အဖြစ် လက်ရှိတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ်အစိုးရက ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ထောက်ခံထားသည်ဟု The Voice Daily သတင်းစာ၌ ဖော်ပြသည်။

စွမ်းအင်ရင်းမြစ်ကျောက်မီးသွေးနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးရင်း၊ ဝေဖန်ငြင်းခုံရင်း တစ်ညီတစ်ညွတ်တည်း လက်ခံသည်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ခေတ်ကာလယန္တရားအတွင်းရှိ နိစ္စဓူဝလူမှုဘဝဟန်ပန်အတွက်ရော စက်မှုကုန်ထုတ်စွမ်းအားစုအတွက်ပါ အချိန်မီ်ဖြည့်ဆည်းလုပ်ဆောင်ရတော့မည့် အဆုံးမဲ့ကွက်လပ်တစ်ခုဟူ၍…။

ဆင်းရဲမွဲတေပြီး အဘက်ဘက်တွင် နုံချာနိမ့်ကျနေသော ဘဝဖြစ်စဉ်အသီးသီးမှ လွတ်မြောက်ရေးလမ်းစအသွယ်သွယ်၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စသဖြင့်တို့အတွက် လျှပ်စစ်ဓာတ်အားအခြေအနေအပေါ်ပြည်တွင်းပြည်ပမေးခွန်းများနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လာရပါက မိမိတို့ တုံ့ပြန်မှုမှာ ခေါင်းခါပြခြင်းသက်သက်တော့ မဖြစ်စကောင်းပြီ။ အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှုတည်ဆောက်နေဆဲကာလလည်းဖြစ်သည်နှင့်အညီ ဝိဝါဒများက ကိုင်တွယ်စီမံရန် အကဲဆတ်လွန်းနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။

ကျွန်ုပ်တို့ထောက်ခံကြမည်။။ ကျွန်ုပ်တို့ကန့်ကွက်ကြမည်။ကျွန်ုပ်တို့ လိုအပ်နေသည်။ ကျွန်ုပ်တို့ မလိုလားပေ။ကျွန်ုပ်တို့ လက်ခံကြသည်။ ကျွန်ုပ်တို့ ငြင်းပယ်ကြသည်။ကောင်းကျိုးများ၊ ဆိုးပြစ်များ။

စီမံကိန်းဆိုသည့် အသံကြားသည်နှင့် ခေါင်းယမ်းလက်ခါပြလိုစိတ်ပြင်းပြထက်သန်နေတတ်မည့် မိအေး၏ နှစ်ခါမက နာခဲ့ပြီးသော နာခဲ့ရဖူးသော အတိတ်ဇာတ်လမ်းများ။

ပစ်ရမှာကလည်း အဆီနှင့် တဝင်းဝင်း။
စားလိုက်ရမှာကလည်း သဲနှင့် တရှပ်ရှပ်…။ အာဟာရတစ်ဖက်၊ ပိုးမွှားတစ်ဖက်။မြေပဲဆံကို စားလိုက မြေပဲခွံကို ဦးစွာခွဲရနွှာရမည်
အာနိသင်များ၊ ဘေးထွက်ဆိုးကျိုးများကို ခြံရံလျက် အနက်ရောင် ဝတ်ရုံထူကြီးကို ခြုံလွှမ်းကာ ချဉ်းနင်းဝင်ရောက်လာသော တစ်စုံတစ်ယောက်ကတော့ အိမ်ခြံစည်းရိုးကို ကျော်လွန်ကာ အိမ်ပေါက်စေ့၏ တံခါးတိုင်းကို ခေါက်ရင်း ပုတ်နှိုးနေပြီတည်း…။

ထိုတစ်စုံတစ်ယောက်၏ မျက်နှာသည် သွေးဆုတ်ဖြုရော်နေပြီး ခန္ဓာကိုယ်မှာလည်း ကြုံလှီညှိုးလျနေလေသည်။ ၎င်း၏ အမည်နာမမှာ…..“လျှပ်စစ်ဓာတ်အားလိုအပ်ချက်“ ဖြစ်ပါသည်။
ဘဝကို ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်သည်။
ရွေးချယ်မှုများနှင့် ပြဋ္ဌာန်းသည်။
ဘာကိုဘယ်လိုဆုံးဖြတ်ရွေးချယ်ကြရပါ့…..။

Ref; Info Digest No.24
7 Day News Vol.16,No.15
The Voice (25.Jun.2017)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...