စစ်ကိုင်းတိုင်း ကလေးမြို့တွင် ခရီးသွား ပြည်သူ ၁၈ ဦးထံ ဇန်နဝါရီလ၂၆ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ခဲ့ရာ ခရီးသည်တင်ယာဉ်လိုင်းများ ပိတ်တော့မည်ဟု သိရသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ယမန်နေ့တွင် ခရီးသွားပြည်သူ များထဲမှ လူကြီး ၁၇ ဦးနှင့် ကလေး ၁ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီးနောက် ခရီးသည်တင် ယာဉ်လိုင်းများထံ ခရီးသည်တင်ဆောင်ခြင်း မပြုကြရန် အကြောင်းကြားလာမှု ရှိခဲ့သည်ဟု ရန်ကုန်-ကလေး အမြန်ကား ပြေးဆွဲဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ရန်ကုန်-ကလေး အမြန်ကား ပြေးဆွဲဂိတ်မှ တာဝန်ရှိသူတစ်ဦးက "ကလေး-တမူး ကားတွေကို ခရီးသည်တင်ပြီး သွားတာကို မနေ့ကစပြီး လက်မခံတော့ဘူးလို့ ကျနော်တို့ဂိတ်ကိုလည်း လူမတင်ဖို့ မနေ့က လာပြောတယ် ဘာကြောင်းကြောင့်လို့တော့ သေချာ မသိရသေးဘူး ကလေး -တမူး ကားတွေကို အဝင်မခံချင်ကြတော့တဲ့သဘောထင်တယ် ကုန်စ္စည်းဘဲ တင်လို့ရတော့တယ်"ဟုပြောသည်။
လက်ရှိ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ၁၈ ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကွာရန်တင်း ထားရှိသည်ဟု ကလေးမြို့မှ ကိုဗစ် -၁၉ Volunteer တစ်ဦးကပြောပါသည်။
ကလေးမြို့မှ ကိုဗစ်-၁၉ Volunteer တစ်ဦးက "မနေ့ကခရီးသွားဖို့ လူပေါင်း ၅၀၀ ကျော် ပြည်သူ့ဆေးရုံမှာ ကိုဗစ် စစ်ဆေးတာ လူကြီး ၁၇ ဦးနဲ့ ကလေး ၁ ဦးမှာ ကိုဗစ် တွေ့ရှိခဲ့တယ် အဲဒီကိုဗစ်ပိုးတွေ့လူနာတွေကို ပြည်သူ့ဆေးရုံမှာဘဲ ကွာရန်တင်း ထားရှိတယ်လို့သိရတယ်"ဟုပြောသည်။
ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာပါက အရင် ကိုဗစ်ပိုးတွေ့လူနာများ ထားရှိသည့် ကွာရန်တင်းစတင်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ကလေးမြို့ ကိုဗစ်-၁၉ Volunteer တစ်ဦးကပြောသည်။
ကိုဗစ် တတိယလှိုင်းဖြစ်ခဲ့စဉ် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြင့် လူပေါင်းအမြောက်များ အသက်သေဆုံးခဲ့ရကြောင်း သိရသည်။







