KIO နယ်မြေမှ စစ်ရှောင်အချို့ နေရပ်ပြန်ရန် စီစဉ်နေ

KIO နယ်မြေမှ စစ်ရှောင်အချို့ နေရပ်ပြန်ရန် စီစဉ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ် နယ်မြေ တရုတ်နယ်စပ် ရှအစ်ယန် (Sha it Yang) စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူအချို့သည် မိမိနေရပ်ဖြစ်သော မြစ်ကြီးနား ဗန်းမော် ကားလမ်းမပေါ်ရှိ ဂါးရာယန်ကျေးရွာသို့ နေရပ်ပြန်ရန် စီစဉ်နေသည်ဟု သိရသည်။

ရှအစ်ယန် (Sha it yang) စစ်ရှောင်စခန်းတွင် ခိုလှုံနေသော ဂါးရာယန်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု (၉၃)စု မှာ နေရပ်ပြန်လိုသည့်အတွက်ကြောင့် ကူညီစောင့်ရှောက်ရေးကော်မတီရုံးသို့ စာ၂ ကြိမ်တင်သွင်းထားကြောင်း ရှာအစ်ယန် စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇော်ရှန်က KNG ကချင်သတင်းဌာနကို ပြောသည်။

“ကျနော်တို့ ရှာအစ်ယန်စစ်ရှောင်စခန်းမှာက အနယ်နယ်အရပ်က စစ်ဘေးရှောင်လာသူတွေ အများကြီးရှိတဲ့ထဲကမှ ဂါးရာယန်က သူတွေက သူတို့နေရပ်ကို ပြန်ချင်ပြီပြောလို့ ကျနော်တို့ အနေနဲ့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီရုံးကို စာတင် ပေးတာပဲရှိတယ်။ ၂ ကြိမ် ရှိပြီ စာတင်ထားတာ။” ဟု ပြောပါသည်။

လက်ရှိ အဆိုပါ စစ်ရှောင်စခန်းတွင် အနယ်နယ်အရပ်မှ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၃၉၅ စု ရှိပြီး စစ်ရှောင်ဦးရေ စုစုပေါင်း ၁၈၀၆ ယောက် ရှိသည်။

နေရပ်ပြန်သူများထဲမှ အိမ်ထောင်စုတစ်စုတွင် တစ်ဦးနှုန်းဖြင့် မိမိနေအိမ်ခြံဝန်းများကို သွားရောက်ရှင်းလင်းရန်အတွက် စစ်ရှောင်အချို့ ပြန်နှင့်ပြီဖြစ်ကြောင်း ရှအစ်ယန်စစ်ရှောင်စခန်းတာဝန်ခံ ဆရာဇောင်ရှန်က ယခုလို ဆက်ဆိုထားသည်။

“ဂါးရာယန်က လူတွေ အကုန်တော့ မပြန်သေးဘူး။ အိမ်ထောင်စု တစ်စုက အားကောင်းမောင်းသန် တစ်ယောက်လောက်ပဲ ကိုယ့်အိမ် ခြံဝန်းလေးတွေ သွားရှင်းထားတာပဲ။ အသက်ကြီးပြီဖြစ်တဲ့ အဖိုး၊ အဖွားတွေနဲ့ ကလေးတွေကတော့ စစ်ရှောင်စခန်းမှာပဲ နေနေကြသေးတယ်။ တရားဝင် ပြန်ခွင့်ပြုတာတော့ မရှိသေးဘူး။” ဟု ဆိုသည်။

KIO ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်စခန်း ၁၉ ခု ၊ လူဦးရေ ၃၇၉၂၀ ရှိပြီး ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် မှ ၂၀၁၃ ခုနှစ်ထိ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးကို KIO အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယခုလက်ရှိ အချိန်ထိ လူမှုအဖွဲ့အစည်းများမှ တာဝန်ယူထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်တမ်းစာရင်းများအရ သိရသည်။

Most read this week

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...