ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စု၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စု၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ

ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသခံများနှင့် KIA ရှေ့တန်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိ KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မှတ်တိုင် ၃၀ နှင့် အမတ်ပေါ်ကျေးရွာဘက်သို့ စစ်အုပ်စုတပ် နှင့် ခေါင်လန်ဖူး ပြည်သူ့စစ်များက စစ်ကြောင်းထိုးနေပြီး မှတ်တိုင် ၃၁ နှင့် နီးကပ်လာသောကြောင့် နှစ်ဘက် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

စစ်အုပ်စု ပူးပေါင်းတပ်များဘက်က မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများကိုပါ ပြုလုပ်နေသည်။

KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက “သူတို့ဘက်က ထိုးစစ်ဆင်နေတုန်းဗျ။ သူတို့ရှိနေတဲ့ မှတ်တိုင် ၃၁ နဲ့ တဖြည်းဖြည်း နီးလာတော့ အပြင်းအထန် ထိုးစစ်ဆင်နေတာ။ ဒီရက်ပိုင်းမှာ ပုံမှန်ထိတွေ့မှုရှိနေတယ်။ တစ်ခါ တစ်လေ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်” ဟု ပြောသည်။

KIA ပူးပေါင်းတပ်များသည် ယခုနှစ် ဇွန်လခန့်မှစ၍ KIA ထိန်းချုပ်ထားသည့် ဆော့လော်မြို့နယ် လန်ဆယ်ကျေး ဘက်မှ ခေါင်လန်ဖူးဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိတွင် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ် ဌာနချုပ်ရှိရာ မှတ်တိုင် ၃၁ အနီးအထိ ရောက်ရှိလာခဲ့သည်။

မှတ်တိုင် ၃၀ နှင့် ၃၁ ကြား အမတ်ပေါ်ကျေးရွာ အနောက်ဘက်တစ်ဝိုက်တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေ ပြီး စစ်အုပ်စု ပူးပေါင်းတပ်များ၏ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်း ဗုံး ကြဲခြင်းတို့ကြောင့် အမတ်ပေါ်ကျေးရွာ အပါအဝင် မှတ်တိုင် ၃၀ အနီးရှိ ကျေးရွာငယ်များမှ ပြည်သူများသည် ပြီးခဲ့သည့် လများကတည်းက ပူတာအိုဘက်သို့ စစ်ဘေးရှောင် လာကြရသည်။

လက်ရှိ ပူတာအိုတွင် ခေါင်လန်ဖူးမှ စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိနေပြီး အချို့မှာ ဆွေမျိုးများအိမ်နှင့် ရပ်ကွက်များအတွင်း ခေတ္တနေထိုင်နေကြသည်။

သို့သော် ကျေးရွာများတွင် အိမ်စောင့်အဖြစ် ကျန်ရစ်သူအချို့ကို စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ်များက ရှေ့တန်း အတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ယူရန် အရပ်သားများကို အတင်းအဓမ္မ ပေါ်တာဆွဲခေါ်ယူ၍ ရှေ့တန်းအထိ ပို့ဆောင်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

မှတ်တိုင် ၃၀ နှင့် အမတ်ပေါ်ကျေးရွာသည် မှတ်တိုင် ၃၁၊ ရှိန်းခေါင်နှင့် ခေါင်လန်ဖူးမြို့ဘက်သို့ ဝင်ရောက်နိုင် သည့် လမ်းကြောင်းပေါ်တွင် ရှိသောကြောင့် စစ်အုပ်စုနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်များက အဆိုပါ နေရာကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ စစ်အုပ်စုနှင့် ခေါင်လန်ဖူး ပြည်သူ့စစ်များသည် လက်ရှိ KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လာဟီဆင်နှင့် လန်ဆယ်ဘက်သို့ ခေါင်လန်ဖူး–လန်ဆယ်လမ်းအတိုင်း ထိုးစစ်ဆင်ခဲ့သော် လည်း ဇွန်လခန့်မှစ၍ လာဟီဆင်ဘက် ထိုးစစ်ကို ရပ်ဆိုင်းကာ မှတ်တိုင် ၃၀ ဘက်ကို အဓိက ဦးတည် ထိုးစစ်ဆင်လာခဲ့သည်။

KIA ပူးပေါင်းတပ်များသည် ၂၀၂၄ ခုနှစ်တွင် လန်ဆယ်ရွာနှင့် လာဟီဆင် စခန်းကုန်းများကို သိမ်းပိုက်ပြီး ခေါင် လန်ဖူး - လန်ဆယ် - ချီဖွေ လမ်းပိုင်းကို ထိန်းချုပ်ထားသကဲ့သို့ လက်ရှိတွင် ရှိန်းခေါင် - ခေါင်လန်ဖူး လမ်းပိုင်း ကိုပါ ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာ - တရုတ် နယ်စပ်နှင့် နီးကပ်သည့် ခေါင်လန်ဖူးဒေသသည် ပူတာအို၊ ချီဖွေနှင့် ဆော့လော်ဘက်သို့ ဆက် သွယ်ပေးထားသည့် စာရေးကိစ္စနှင့် စစ်ရေးအရ အရေးပါသော နယ်မြေတစ်ခုလည်း ဖြစ်သည်။ ယခုအခါ ခေါင် လန်ဖူးဒေသတွင် စစ်အုပ်စုတပ်နှင့် KIA ပူးပေါင်းတပ်များအကြား ထိုးစစ်အရှိန် မြှင့်တင်လာမှုကြောင့် တိုက်ပွဲ များ ပိုမို ပြင်းထန်လျက်ရှိသည်။

September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...