ချင်းပြည်နယ် စစ်ရှောင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟုဆို

ချင်းပြည်နယ် စစ်ရှောင်ဒုက္ခသည်များ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေဟုဆို
by -
မဇ္ဈိမ
အစိုးရတပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃၅၀ ကျော်တို့ ရိက္ခာပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း ချင်းပြည်နယ် ပျဉ်ဆိုကျေးရွာ ကူညီထောက်ပံ့ရေး ကော်မတီမှ တွဲဖက်ဘဏ္ဍာရေးမှုး ဆလိုင်ကျော်အောင်က ဇွန်လ ၁၆ရက်တွင် မဇ္စျိမကို ပြောသည်။

"ဒီနေ့ရောက်ခဲ့သေးတယ် ပလက်ဝကနေ ရေလမ်း ၁ နာရီလောက်သွားရင်းအဲဒီနေရာကိုရောက်တယ်၊ အဓိကတော့ ဆန်ပဲရှိတယ်။ အဲဒီဆန်က ဒီလကုန်ထိပဲ ရှိတော့မယ်။ ဆေးကုဖို့အတွက်လည်း ပလက်ဝကို လာကြရတယ်၊ ကျွန်တော်တို့ကလည်း လာလှူတဲ့ သူတွေကို ကူညီပေးတာပါ" ဟု ၄င်းကဆိုသည်။

မတ်လ ၂၈ရက် ညပိုင်းနှင့် ၂၉ရက် မနက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ်၊ ပျဉ်ဆိုရွာရှိ အိမ်ထောင်စု ၆၂ ခုမှ လူဦးရေ ၃၅၆ ဦးတို့က စစ်ဘေးရှောင်ရန် ယင်းရွာမှ တစ်နာရီကြာ တောတွင်းလမ်းများကို ဖြတ်သန်းရသည့် လောင်းသေရွာတွင် ခိုလှုံနေခြင်းဖြစ်သည်။

စစ်ဘေးရှောင်အဖြစ် ခိုလှုံနေရသူများတွင် ၀မ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားမှုများရှိနေပြီး ဌက်ဖျားရောဂါ ကူးစက်ခံရသူ ရ ဦးအထိရှိကာ ပလက်ဝ ဒေသန္တရ ကျန်းမားရေးဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနေပြီး ခိုလှုံသည့် လောင်းသေရွာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ လာရောက် ဆောင်ရွက်ပေးခြင်းများ မရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ စီမံချက်တာဝန်ခံ မိုင်သင်းယုမွန်က ဆိုသည်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် ခိုလှုံနေသည့် လောင်းသေရွာမှ ပလက်ဝသို့ ရေလမ်းသာ အသုံးပြုနိုင်ပြီး ၂၄နာရီ အသုံးပြုနိုင်သည့် လမ်းများမရှိသည့်အတွက် ဒုက္ခသည်များတွင် ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင် များစွာအခက်အခဲရှိနေသည်ဟု ပျဉ်စိုရွာထောက်ပံ့ရေးကော်မတီမှ သိရသည်။

စစ်ပွဲများပြီးဆုံးပြီးနောက် မေလ ၉ ရက်တွင်သာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ငွေကျပ် သိန်းလေးဆယ် ပေးအပ်ခဲ့ပြီးနောက်ပိုင်း မည်သည့် ထောက်ပံ့မှု တစ်စုံတစ်ရာမှ ထောက်ပံ့ပေးမှုမျိုး မရှိခဲ့ကြောင်း ပျဉ်စိုရွာထောက်ပံ့ရေးကော်မတီနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့ထံမှသိရသည်။

ပြည်နယ်အစိုးရဝန်ကြီး ဦးကျော်ငြိမ်းအပါအဝင် တပ်မတော် စစ်ဗျူဟာမှူးတို့က စစ်ဘေးရှောင်သူများကို မိမိနေရပ်သို့ ပြန်ရန်တိုက် တွန်းနေသော်လည်း တိုက်ပွဲများအတွင်း နှစ်ဖက်တပ်များက ချထားခဲ့သည့် မြေမြှပ်မိုင်း အန္တရာယ်ကြောင့် နေရပ်ပြန်ရန် အခက်အခဲရှိနေသည်ဟု ပျဉ်စိုရွာထောက်ပံ့ရေးကော်မတီ မှသိရသည်။

စစ်ဘေးရှောင်နေရသူများနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းရန် မဇ္စျိမက ကြိုးပမ်းခဲ့သော်လည်း လက်ရှိ စစ်ဘေးရှောင်နေ သည့် နေရာသို့ ထောက်ပံ့ရေးကော်မတီ ရောက်ရှိနေခြင်းမရှိခြင်းနှင့် ယင်းနေရာသည် ချင်းပြည်နယ် နယ်စပ် ပလက်ဝအစွန်အဖျားတွင် ရှိနေခြင်းကြောင့် ဖုန်းဆက်သွယ်ရေး လိုင်းများမရရှိခဲ့ပေ။

စစ်ဘေးရှောင်များအတွက် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးမှု အခြေအနေကို မေးမြန်းရန် ချင်းပြည်နယ် အစိုးရ အဖွဲ့သို့ဆက် သွယ်သော်လည်း ဆက်သွယ်၍မရပေ။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...