သျှမ်းတောင်သို့ စစ်ရှောင် ၃ သောင်းနီးပါးရောက်ရှိ

သျှမ်းတောင်သို့ စစ်ရှောင် ၃ သောင်းနီးပါးရောက်ရှိ

ကရင်နီ (ကယား)ပြည်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ကရင်နီ ပြည်မှ သျှမ်းတောင်သို့ ထွက်ပြေးလာသည့် စစ်ရှောင် စုစုပေါင်း (၃) သောင်း နီးပါးရောက်ရှိနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ စစ်ရှောင်များသည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး၊ အောင်ပန်း စသည့် နီးစပ်ရာ ဒေသများတွင် ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် (၂)ထောင် နီးပါး၊ ညောင်ရွှေမြို့နယ်တွင် (၂) ထောင်နီးပါး၊ ဆီဆိုင်မြို့နယ်တွင် (၂) သောင်းဝန်းကျင်၊ ပင်လောင်းမြို့နယ်တွင် (၃၅၀၀)ကျော်၊ နောင်တရားမြို့ နှင့် ဆိုင်ခေါင်မြို့တိုတွင် (၂၂၀၀) ကျော်ရှိထားကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။

အဆိုပါ စစ်ရှောင်များ ရောက်ရှိနေသည့် နေရာဒေသများတွင် စစ်ရှောင်များအတွက် အစားအသောက်၊ အဝတ်၊ စောင် နှင့် အမျိုးသမီးများအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းများလည်း လိုအပ်နေလျက်ရှိကြောင်း သိရသည်။

“ရောက်နေတဲ့ စစ်ရှောင်စခန်းတွေမှာတော့ အကုန်အခက်ခဲရှိနေကြတယ်။ အဓိကလိုအပ်တာတော့ အစားအသောက်၊ အဝတ်၊ စောင်တွေပေါ့။ တချို့က အဝတ်တစ်ထည်၊ ကိုယ်တစ်ခု နဲ့ရောက်လာကြတာ။ ပြီးတော့ အမျိုးသမီးတွေအတွက်လည်း လိုအပ်တာတွေရှိသေးတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ညောင်ရွှေမှ ဆရာတော် တပါးက မိန့်ကြားသည်။

ကရင်နီပြည်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် ယနေ့ချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် သျှမ်းတောင် မိုးဗြဲ တို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး လက်ရှိမှာ လူဦးရေ ၁ သိန်း ၇ သောင်းကျော် စစ်ရှောင်ထွက်ပြေးနေကြရကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ သိရသည်။

ထို့အပြင် ဇန်နဝါရီ (၁)ရက်နေ့မှ (၈)ရက်နေ့ထိ စစ်ကောင်စီသည် ကရင်နီပြည်ထဲ လေကြောင်းဖြင့် (၁၀)ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Karenni’s Voice က ထုတ်ပြန်ထားသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...