နမ့်စန်မြို့ စစ်ကောင်စီလေတပ်စခန်း တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်

နမ့်စန်မြို့ စစ်ကောင်စီလေတပ်စခန်း တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။

နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊ အရင်တုန်းက ထောက်ပို့လုပ်ဖို့ လေတပ်ကို သုံးသလားလို့ ထင်ပေမယ့် အခုရက်ပိုင်းဆို တိုက်လေယာဥ်တွေ ပါလာတာပဲ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတို့သည် အဆိုပါ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို အသုံးပြုပြီး လက်ရှိ မြန်မာနိုင်ငံ တဝှမ်းဖြစ်ပွားနေသည့် စစ်အာဏာရှင် ခုခံတော်လှန်သူများနှင့် တိုက်ပွဲများတွင် အသုံးပြုကာ နိုင်ထက်စီးနင်း ဖိနှိပ်မှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီနားမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သိက္ခာကျတာပေ့ါဗျာ။ စစ်တပ်က ကိုယ့်နယ်ထဲဝင် ထင်တိုင်းကျဲပြီး လုပ်နေတယ်။ ပြီးတော့ဒါကိုပဲ အသုံးချပြီး ကျနော်တို့တိုင်းရင်းသားအချင်းချင်းတွေကို ဖိနှိပ်နေတာ” ဟု ၎င်းက ပြောသည်။

နမ့်စန်မြို့နယ်တဝိုက်တွင် RCSS/SSA ၊ SSPP/SSA ကဲ့သို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ရှိနေသလို ယခင် MTA လက်ကျန် ပြည်သူ့ စစ်များဖြစ်သည့် မတ်ကျန်းပြည်သူ့စစ်၊ ဟိုမိန်းပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်များနှင့် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့လည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ စုံလင်လှသည့် နမ့်စန်မြို့တွင် စစ်တပ်က လေတပ်စခန်းအသုံးပြုပြီး တခြားသော ဒေသများသို့ အကြမ်းဖက် တိုက်ခိုက်နေသည့်အပေါ် တားမြစ်တုံ့ပြန်နိုင်မှု မရှိသည့်အတွက် ဒေသခံများကလည်း အားမလိုအားမရဖြစ်နေကြောင်း သတင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...