မူဆယ်မြို့နယ်တွင် ရဲယူနီဖောင်း အရောင်ဆင်တူဝတ်ပြီး လုယက်

မူဆယ်မြို့နယ်တွင် ရဲယူနီဖောင်း အရောင်ဆင်တူဝတ်ပြီး လုယက်

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ထားပြီး နေ့ခင်းအချိန် လုယက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ပြင် ၁၀၅ မိုင်အနီးတဝိုက် ကားလမ်းမကြီးပေါ်တွင် ရဲယူနီဖောင်းနှင့် ဆင်တူအရောင် ဝတ်ဆင်ထားသည့် လူတစ်စုက လမ်းသွားလမ်းလာများထံ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်ကို လုယူတတ်လေ့ရှိကြောင်း သတင်းသိရသည်။

“သူတို့က ၄ ယောက်လား ငါးယောက်လား မသိဘူး၊ ရဲ ဘောင်းဘီနဲ့ အင်္ကျီကတော့ ရိုးရိုးပဲ၊ စကားပြောစက် ပါတယ်၊ အဲ့လို အလုခံရတဲ့သူတွေရှိတယ်” ဟု ၁၀၅ မိုင် အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး မောင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးသည့် ပုံသဏ္ဌန်ဖြင့်တားပြီး သော့နှင့် ပိုက်ဆံအိတ်ကို လုယူထွက်ပြေးကြောင်း သိရသည်။

“ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီးတော့ စစ်ဆေးဖို့လုပ်သလိုနဲ့ ပိုက်ဆံအိတ်ကို အရင်လုယူတယ်၊ နောက်တော့ ဆိုင်ကယ်သော့ကို ထပ်လုတယ်၊ အမျိုးသမီးက လန့်ပြီး အော်လည်းအော် ရနိုင်သမျှပြန်လုတော့ ဆိုင်ကယ်သော့က ပြန်ရပါတယ်၊ အော်သံကြားလို့ လူတွေဝိုင်းဖို့လာတော့ သူတို့ ထွက်ပြေးသွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လုယက်သူတစ်စုသည် ပြည်သူများသတိမပြုမိသည့် အချိန်တွင် ကားတစ်စီးနှင့် လာတတ်ပြီး Mask (နှာခေါင်းစည်း) တပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်မှန်းလည်း မသိရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်များရှိသည့် မူဆယ်မြို့တွင် နေ့ခင်းအချိန်မှာလည်း လုယက်မှု ဖြစ်ပွားသည့်အတွက် တရားဥပဒေစိုးမိုးမှုမရှိခြင်း လုံခြုံမှု မရှိခြင်းကို ပြသနေကြောင်းလည်း ဒေသခံတချို့က ပြောဆို ဝေဖန်နေကြသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...