မိုင်းကိုင်မြို့ပေါ်ထိ လက်နက်ကြီးသံ ကြားနေရ

မိုင်းကိုင်မြို့ပေါ်ထိ လက်နက်ကြီးသံ ကြားနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် ကျောင်းသွားတက်နေသည့် ကျောင်းသားများ နေအိမ်သို့ ပြန်လာရကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၁၁)ရက် မနက်ပိုင်းချိန်မှာ မိုင်းကိုင်မြို့အနီး လက်နက်ကြီးသံ ကြားရသည့်အတွက် မိုင်းကိုင်မြို့ပေါ်တွင် သွားလာမှု မရှိဘဲ တိတ်ဆိတ်နေကာ ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ကျောင်းပို့ထားသည့် ကျောင်းသားများကို နေအိမ်သို့ ပြန်ခေါ်လာရကြောင်း မိုင်းကိုင်မြို့နေ ဒေသခံ စိုင်းလူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းသွားတက်တဲ့ ကလေးတွေလဲ မိဘတွေ ပြန်သွားခေါ်ကြတယ်။ ကျနော်တို့လဲ အပြင်ထွက်မလို့ လုပ်နေတာ မသွားဖြစ်တော့ဘူး။ အားလုံးက စိုးရိမ်ထိတ်လန့်နေကြတယ်” ဟု ဒေသခံ စိုင်းလူ ကပြောသည်။

မိုင်းကိုင်တပေါင်းပွဲလုပ်သည့် မွေတော်ဘုရားကွင်းပြင်တွင် ပြီးခဲ့သည့် ရက်ပိုင်း စစ်ရှောင်များ ရောက်ရှိနေပြီး ထိုစစ်ရှောင်များလည်း ယနေ့ မြို့အနီး လက်နက်ကြီးသံ ထပ်မံကြားရသဖြင့် အထုပ်အပိုးတွေ အသင့်ပြင်ထားပြီဖြစ်ကြောင်း သိရသည်။

“မြို့ပေါ်ထိ မနက်က အသံတွေ ဆက်တိုက်ကြားရတာပဲ။ စစ်ရှောင်တွေလည်း ထပ်ပြီးတော့ အထုပ်အပိုးတွေ အသင့်ပြင်ထားကြပြီ” ဟု စိုင်းလူ က ဆက်ပြောသည်။

လက်နက်ကြီးသံကြားရပြီးနောက် မိုင်းကိုင်မြို့ပေါ်သို့ စစ်ကောင်စီကားများ ဖြတ်သန်းသွားသည်ကို တွေ့ရကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲအချင်းချင်း တိုက်ပွဲတင်းမာမှုကြောင့် ဒေသခံများက ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယခုလက်ရှိချိန်ထိ မိုင်းကိုင်မြို့အနီး တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဒေသခံ ပြည်သူ (၂၀၀၀) ကျော် စစ်ရှောင်ခဲ့ရပြီး လဲချားမြို့နယ် ထဲတွင်လည်း စစ်ရှောင်များ သွားရောက်ခိုလှုံကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၇) ရက်တွင် သျှမ်းလက်နက်ကိုင် (၂) ဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်များ အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...