ပင်လောင်းမြို့နယ် နောင်တရားရောက် စစ်ရှောင်များ စားဝတ်နေရေးနှင့် စောင်များ လိုအပ်

ပင်လောင်းမြို့နယ် နောင်တရားရောက် စစ်ရှောင်များ စားဝတ်နေရေးနှင့် စောင်များ လိုအပ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များအတွက် စားဝတ်နေရေး နှင့် စောင်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်တွင် အာဏာသိမ်း စစ်ကောင်စီမှ ကရင်နီပြည် လွိုင်ကော်မြို့အနီး ပတ်ဝန်းကျင်တွင် ရဟတ်ယာဉ်သုံး ပစ်ခတ်မှုကြောင့် ကရင်နီပြည်သူ ထောင်ချီသည် သျှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးလာကြသည်။

ထိုထွက်ပြေးလာသူများသည် သျှမ်းတောင် တောင်ကြီး၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ ၊ ပင်လောင်းနှင့် ဆီဆိုင် စသည့်မြို့တို့တွင် ခိုလှုံနေရသည်။

ပင်လောင်းမြို့နယ် နောင်တရားမြို့ အတွင်း ရောက်ရှိနေသည့် စစ်ရှောင်များအတွက် အစားအသောက်နှင့် အဝတ်အထည်များ အခက်ခဲ များစွာရှိနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ စားဝတ်နေရေးအတွက် လိုတာပေါ့။ အစားအသောက်တွေ အခက်ခဲရှိနေကြတယ်။ ပြီးတော့ သူတို့တွေက အဝတ်တစ်စုံနဲ့ပဲ လာကြတော့ အဝတ်အစားတွေလည်း လိုတယ်။ အခုချိန်ကလည်းအေးတော့ စောင်တွေလည်း လိုအပ်နေပါတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ပြည်သူများထွက်ပြေးလာရပြီး လက်ရှိ နောင်တရားမြို့တွင် လူဦးရေ ၅၀ အထက် ရောက်ရှိနေကြောင်း သိရသည်။

“အကုန်လုံး ဘယ်လောက်ရှိနေလဲတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့နား ရောက်နေတာတော့ ၃၀ လောက်ရှိတယ်။ တချို့က ကျေးရွာတွေဘက်မှာ ရောက်နေတာဆိုတော့ အကုန်လုံးဘယ်လောက်ရှိလဲ အတိအကျ မသိရဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

နောင်တရားမြို့သို့ စစ်ဘေးရှောင်လာသူများသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါလာကြောင်းသိရသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ (၆)ရက်နေ့က စပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...