နမ့်ခမ်းမြို့မစျေး လုံခြုံမှုမရှိ၊ စျေးသည်များ ပစ္စည်းများ နေအိမ်သို့ သိမ်းပြန်နေ

နမ့်ခမ်းမြို့မစျေး လုံခြုံမှုမရှိ၊ စျေးသည်များ ပစ္စည်းများ နေအိမ်သို့ သိမ်းပြန်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးရှိ စျေးသည်များ လုံခြုံမှု မရှိသည့်အတွက် ကုန်ပစ္စည်းတချို့ကို နေအိမ်သို့ သိမ်းပြန်နေကြကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇန်နဝါရီ (၆)ရက်တွင် မြို့မစျေး စျေးရုံအတွင်းရှိ စျေးသည်များ ဆိုင်လာဖွင့်ခြင်းမရှိဘဲ ဆိုင်ပစ္စည်းများ တချို့ကို နေအိမ်သို့ သယ်ပြန်သွားကြောင်း မျက်မြင်များက ပြောဆိုကြသည်။

“စျေးတော့ ဖွင့်တယ်။ သွားရောင်းတဲ့သူတော့ မရှိဘူး။ လုံခြုံမှု မရှိတဲ့အတွက်ကြောင့် တချို့လည်း ပစ္စည်းတွေ အိမ်သယ်ပြန်တာတွေလည်း ရှိတယ်။ ဒီနေ့တော့ ဟင်းရွက်စိမ်းသည်တွေ ရောင်းတာပဲရှိတယ်” ဟု နမ့်ခမ်းဒေသခံ စျေးသည်အမျိုးသမီး တစ်ဦးက ပြောသည်။

ဇန်နဝါရီ (၄)ရက်နေ့က TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့မစျေးအတွင်း ဆက်ကြေးလာကောက်စဉ် (၂)ဦး ပစ်သတ်ခံရပြီးနောက် ဇန်နဝါရီ (၅)ရက် မနက်ပိုင်းတွင် TNLA တပ်ဖွဲ့မှ ဝတ်စုံအပြည့်ဖြင့် နမ့်ခမ်းမြို့အနီး စစ်ကြောင်း လှည့်လည် အင်အားပြပြီး ပြန်ထွက်ခွာစဉ်မှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“စျေးထဲက ဆိုင်တွေ တစ်ဝက်လောက်တော့ သူတို့(TNLA)ကို အခွန်သွားသွင်းပေးကြပြီ။ ဒါပေမယ့် ဒီလိုကိစ္စတွေဖြစ်တော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ကတည်းက TNLA ဘက်မှ မြို့မစျေးအတွင်း စျေးသည်များထံ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်လာပြီး စျေးသည်များ စျေးပိတ်ဆန္ဒပြခဲ့သော်လည်း ၎င်းတို့ထံ ဆက်ကြေး သွားသွင်းနေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...