သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် လူငယ်များ ရန်ဖြစ်ပွားရာမှ လူမျိုးရေးမထိပါးလာစေရန် တိုင်းရင်းသားများ စုပေါင်းပြီး ယမန်နေ့ (ဇန်နဝါရီ ၅ )တွင် ညှိနှိုင်းဖြေရှင်း ဆွေးနွေးကြကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် Happy New Year ညတွင် မိုင်းဆတ်မြို့မှာ လားဟူ လူငယ်နှင့် သျှမ်း လူငယ်တို့ ရန်ဖြစ်ပွားခဲ့ရာမှ လူမျိုးရေးပြသာနာ ဆက်ဖြစ်ပွားလာမည်ကို စိုးရိမ်းသောကြောင့် နှစ်ဖက်လူကြီးများက ဆွေးနွေးကာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
“နှစ်သစ်ကူးညတုန်းက လူငယ်တွေ အရက်သောက်ပြီးတော့ ရန်ဖြစ်ကြတာလေ။ ဖြစ်တာက လားဟူ လူငယ်နဲ့ သျှမ်းလူငယ်တွေဖြစ်တာ။ အဲတာ ကျနော်တို့က ရှေ့ဆက် လူမျိုးရေးပြသာနာ မဖြစ်အောင်ဆိုပြီးတော့ ဒီနေ့ လူကြီးမိဘတွေနဲ့ တွေ့ဆုံပြီး အစည်းဝေး ပြုလုပ်ခဲ့ကြတာ” ဟု မိုင်းဆတ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ နှစ်သစ်ကူးညတွင် လားဟူလူငယ်များက သျှမ်းလူငယ်များ၏ ဆိုင်ကယ်ကို ရိုက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် ပြေလည်အောင် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
“ဟိုနေ့ညက သူတို့(လားဟူလူငယ်)တွေက ဆိုင်ကယ်တွေကို ရိုက်ခွဲပစ်လိုက်တာ။ အဲဒါ ပြန်မလျော်ရသေးတော့ ဒီနေ့ ပြန်ဖြေရှင်းပေးလိုက်တာ။ ရိုက်ခွဲလိုက်တဲ့ ဆိုင်ကယ်တွေ အကုန်လုံးကို ဒီနေ့ သူတို့ဘက်ကနေ ပြန်လျော်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
မိုင်းဆတ်မြို့တွင် ယခင်က တိုင်းရင်းသားလူမျိုးစုများလည်း ပြဿနာဖြစ်ခဲ့ဖူးကြောင်း သိရသည်။
အဆိုပါမြို့တွင် သျှမ်း၊ လားဟူ၊ အာခါ၊ ဗမာ စသည့် တိုင်းရင်းသားအများစု နေထိုင်လျက်ရှိသည်။







