TNLA တပ်ဖွဲ့ဝင်များ နမ့်ခမ်းမြို့ပေါ် ရောက်လာသဖြင့် ဒေသခံများကြောက်လန့်

TNLA တပ်ဖွဲ့ဝင်များ နမ့်ခမ်းမြို့ပေါ် ရောက်လာသဖြင့် ဒေသခံများကြောက်လန့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်း (၉)နာရီဝန်းကျင် တွင် TNLA တပ်သား ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် တပ်သားများရောက်လာသဖြင့် စျေးဆိုင်များ အလန့်တကြား ပိတ်သိမ်းရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့သည် နမ့်ခမ်းမြို့၏ (၅)ရက် တစ်စျေးနေ့ ဖြစ်ကာ TNLA တပ်သားများ မြို့အနီးရောက်ရှိ လာသည့်အတွက် စျေးသည်များ၊ အိမ်များ ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

“စျေးထဲမှာတော့ အလန့်တကြားနဲ့ စျေးတွေ ပိတ်သိမ်းနေကြတယ်။ ဒီနေ့က စျေးနေ့လည်း ဖြစ်တယ်။ TNLA ရောက်လာပြီး ပြန်သွားတော့ စစ်ကောင်စီဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေရှိတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်ခမ်းမြို့အနီး TNLA ဘက်မှ ဝတ်စုံအပြည့် ဖြင့် စစ်ကြောင်း (၂) ကြောင်းဆင်းလာပြီးနောက် ပြန်ထွက်ခွာခါနီး စစ်ကောင်စီဘက်မှ စခန်းသစ်ကုန်း မှနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“TNLA ဘက်က စစ်ကြောင်း ၂ ကြောင်းဆင်းလာတယ်။ နမ့်ခမ်းပြည်သူ့ဆေးရုံဘက် ဟိုနားဘက်ကနေ ဆင်းလာတယ်။ ထပ်တစ်ကြောင်းက ဝိန်းဆာဘက်ကနေ နောင်စန့်ဘက်ကို နည်းနည်းရောက်ပြီး ပြန်ထွက်သွားတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့သည် မကြာခဏ ပစ်ခတ် ပေါက်ကွဲမှု ဖြစ်ပွားနေသည့်အတွက် မြို့ တွင်းလုံခြုံရေး မရှိတော့ကြောင်းလည်း ဒေသခံများက ပြောသည်။

“လုံခြုံရေး ယူပေးမယ့်အဖွဲ့တွေလည်း မရှိဘူး။ ကျနော်တို့မြို့က တစ်ခုခုဖြစ်လာရင်လည်း ဘယ်သူ့ကိုမှ သွားအားကိုးလို့မရဘူး။ ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေလည်း တအားများလာတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။

ယမန်နေ့က နမ့်ခမ်းမြို့မစျေးအတွင်း ပစ်ခတ်မှုများရှိပြီး (၂) ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ထိုသေဆုံးသွားသူ (၂)ဦးမှာ ဆက်ကြေးလာကောက်သည့် TNLA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...