လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ

လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနားကျေးရွာတွင် ကိုဗစ် ၁၉ ကာလနှင့် နိုင်ငံရေးအခြေအနေတွေကြောင့် တရွာလုံးနီးပါး စားဝတ်နေရေး ခက်ခဲလာပြီး ထမင်းနပ်မှန် မစားရကြောင်း စုံစမ်းသိရှိရသည်။

ဟိုနားကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ဝါးဖြင့် ဖျာယက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ဝယ်ယူသူနည်းပါးလာသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးလာရကြောင်း သိရသည်။

“ရွာက အရင်ကတည်းက အဆင်မပြေဘူး။ အရင်ကတည်းက ဝါးဖျာယက်လုပ်ပြီး ရောင်းကြတာလေ။ အခု နိုင်ငံရေးရော ကိုဗစ်ရောဆိုတော့ ပိုဆိုးသွားတယ်။ ထမင်းတောင် နပ်မမှန်တော့ဘူး” ဟု ဟိုနားကျေးရွာဒေသခံများကို ကူညီပေးနေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

လက်ရှိမှာ ဝင်ငွေမရှိသည့်အတွက် ထမင်းနပ်မှန်မစားရကြောင်း၊ ဆောင်းရာသီရောက်ရှိသည့်အတွက် အနွေးထည်များလည်း လိုအပ်နေကြောင်း ဟိုနားကျေးရွာမှ ကျောင်းဆရာက ဆိုသည်။

ဟိုနားကျေးရွာသည် မိုင်းယော်တိုက်နယ်ထဲတွင် တည်ရှိပြီး မြို့နှင့် ၂၅ မိုင်ခန့်ကွာဝေးကာ လမ်းပန်းဆက်သွယ်ရေး လည်း ခက်ခဲမှုများစွာရှိကြောင်း သိရသည်။

“မြို့နဲ့ဝေးတယ်။ လမ်းတွေလည်း ဆိုင်ကယ်သွားလို့ရတဲ့လမ်းတွေဘဲ။ လမ်းလည်းကြမ်းတာပေါ့။ သူတို့ရွာက တောင်ပေါ်မှာရှိတာလေ။ လမ်းတွေခက်တယ်။ အရင်က ရေတွေလည်း မရှိဘူး။ အခုတော့ အလှူရှင်တွေ နည်းနည်းရလာတော့ သောက်ရေတွေလည်းရရှိလာပြီ” ဟု ၎င်း ကျောင်းဆရာက ပြောသည်။

ဟိုနားကျေးရွာတွင် အပေါ်ရွာနှင့် အောက်ရွာပေါင်း အိမ်ခြေ (၁၀၀)နီးပါးရှိကြောင်း သိရသည်။

ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲကြသည့်အပြင် မြို့ပြနှင့်ဝေးသည့် ကျေးရွာ ဒေသခံများသည် သာမန်ပြည်သူများထက် ၂ ဆ ပိုမိုခက်ခဲ ကြပ်တည်းလာကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...