မီးရထားပိုင်မြေတွင်နေထိုင်သူ ၃၅၀၀ ခန့်အား ပြောင်းရွေ့ရန် နို့တစ်စာ ပေး

မီးရထားပိုင်မြေတွင်နေထိုင်သူ ၃၅၀၀ ခန့်အား ပြောင်းရွေ့ရန် နို့တစ်စာ ပေး

ပုသိမ်မြို့ရှိ မြန်မာ့မီးရထား ပို့ဆောင်ရေး ဌာနပိုင်မြေထဲက အိမ်ခြေ ၁၀၀၀ ကျော်တွင် နေထိုင်ကြသည့် မိသားစု ဝင်များ ၁၅ ရက်အတွင်း ဖယ်ရှားပေးရမည့် အခြေအနေကြောင့် အခက်ကြုံနေကြသည်။

မြန်မာ့မီးရထား တိုင်းအမှတ် (၉) တာဝန်ခံက ဒီဇင်ဘာလ ၁၉ ရက်နေ့က ၁၅ ရက်အတွင်း ဖယ်ရှားပေးရန် စာ ပေးပို့ကာ အကြောင်းကြားခြင်းခံရခြင်း ဖြစ်သည်ဟု မီးရထားဌာနပိုင်မြေအတွင်း နေထိုင်သူများက ပြောသည်။

"ဒီနေရာက ထွက်သွားဖို့ ပြောတယ်။ ဘယ်ကိုသွားရမလဲ မသိဘူး။ ဒီနေရာနဲ့ နီးတဲ့ စျေးနဲ့ရပ်ကွက်တွေက အ လုပ်ရုံမှာ အလုပ်လုပ်ကြတဲ့ တစ်နေ့လုပ် တစ်နေ့စားတွေပါ။ ကလေးတွေဆို ဒီနားကကျောင်းတွေမှာတက် နေရ တာ။ အခြားနေရာသစ်မှာ အခြေကျဖို့ အရမ်း အခက်အခဲရှိပါတယ်" ဟု မီးရထားပိုင်မြေ အတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။

လွန်ခဲ့သည့် ၁၂ နှစ်ကျော်ကတည်းက အဆိုပါ မြေနေရာ ပတ်ဝန်ကျင်းကို အမှီပြု၍ မိသားစု စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက်နေထိုင်ကာ အခြေတကျ ဖြစ်နေကြပြီးဖြစ်၍ နေရာ အသစ်တစ်ခုသို့ ထပ်မံ  ပြောင်းရွေ့ရန်မှာ အခက်အခဲများစွာရှိနေသည်ဟု မီးရထားပိုင်မြေ အတွင်း နေထိုင်သူ ပြည်သူများက ဆိုသည်။

မီးရထားဌာနပိုင် လစ်လပ်မြေများတွင် အချို့က မီးရထားဌာနသို့ အခကြေးငွေပေးကာ နေထိုင်ကြခြင်း ဖြစ်ပြီး အချို့က တစ်ဆင့်ပြန်လည် ဝယ်ယူနေထိုင်ကြခြင်း ဖြစ်သည်။

အချို့မှာ အသုံးမပြုတော့သည့် မီးရထားလမ်းဘေး နှင့် သံလမ်းပေါ် တွင် ခွင့်ပြုချက်မရှိ နေထိုင်ကြသူများ လည်းရှိသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူများထံမှ သိရသည်။

အမှတ် ၆/၇/၈ ရပ်ကွက်များ အတွင်းရှိသည့် ရထားလမ်းများကို အသုံးမပြုတော့သည်မှာ ၁၂ နှစ်ကျော်ရှိပြီဖြစ် ပြီး ရထားများ သွားလာခြင်း မရှိတော့သဖြင့် ပြည်သူအချို့က သံလမ်းပေါ် တွင် တဲအိမ်များ ခွဆောက်၍ နေထိုင် ကြခြင်းဖြစ်သည် ဟု ဒေသခံ ဦးဝင်းသိန်း က ပြောသည်။

၁၉၅၅ ခုနှစ်၊ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ (၃) အရ အခွင့်မရှိ ကျူးကျော် နေထိုင်ပါက ထွက်ခွာရန် နို့တစ်စာရရှိပြီး သတ်မှတ်ရက်အတွင်း မထွက်ခွာပါက အနိုင်အထက်ပြုမူမှုဖြင့် ဖယ်ရှားခံရမည် ဖြစ် သည်ဟု အငြိမ်းစား ဥပဒေ အရာရှိတစ်ဦး ကပြောသည်။

ပုသိမ်မြို့က လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးကျော် က "အိမ်ခြေ ၁၀၀၀ က ပျှမ်းမျှနေထိုင်သူ  ၃၅၀၀ ကျော် ဒုက္ခတွေ့ရမယ့် အခြေအနေပါ။ အုပ်ချုပ်စီမံတဲ့ သူတွေ အနေနဲ့  လူသားချင်း စာနာစိတ်နဲ့ သက်သက်ညှာ ညှာ ဆောင်ရွက်သင့်ပါတယ်" ဟု ပြောသည်။

ဟင်္သာတမြို့ အခြေစိုက် မြန်မာ့မီးရထား ပို့ဆောင်ရေးဌာန တိုင်းအမှတ်(၉) တာဝန်ခံ ၏ ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲပါ ဆင့်ဆိုစာတွင် အစိုးရအိမ် ဥပစာတွင် ခွင့်ပြုချက်မရှိ နေထိုင်သဖြင့် နို့တစ်စာရသည့်နေ့မှ ၁၅ ရက် အတွင်း မထွက်ခွာလျှင် ဖယ်ရှားခံရလိမ့်မည်ဟု ဖော်ပြပါရှိသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...