အစိုးရထိပ်သီးခေါင်းဆောင်များ ပါ၀င်သော ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေး ပြုလုပ်

အစိုးရထိပ်သီးခေါင်းဆောင်များ ပါ၀င်သော ရခိုင်ပြည်နယ်အရေး အထူးအစည်းအဝေး ပြုလုပ်
by -
မဇ္စျိမ/ဇေယျာမော်
ဇွန်လ ၃၀ ရက်က ပြုလုပ်ခဲ့သော ၃ နာရီကြာမြင့်ခဲ့သည့် ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေး တွင် မောင်တောဒေသအတွင်း အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီအစဉ်များ ပါ၀င်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်များ စုဝေးပြီး ယမန်နေ့ နေ့လည်ပိုင်းက နိုင်ငံတော် သမ္မတ အိမ်တော်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ နှစ်ဦးဖြစ်သည့် ဦးမြင့်ဆွေ ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တို့တက်ရောက်ခဲ့သည်။

ထို့ပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်အရ ယင်းအစည်းအဝေးသည် သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကော်မရှင်၏ ဆောင်ရွက်ချက်များ ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းခဲ့ကြသည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ဒေါက်တာကိုဖီအာနန်ကော်မရှင်) ၏ ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည့် Fact Finding Mission နှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်အား အဖွဲ့စေလွတ်ပြီး စုံစမ်းစစ်ဆေးစေမည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် ထိရောက်စွာ တားဆီးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးလှဌေးဝင်းက ဇွန်လ ၂၉ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သေးသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...