မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ

မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် – မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“အယ်လ်ဖတ်ကားနဲ့ လူ ၅ ယောက်လောက်ရှိတယ်၊ ဓားပြလာတိုက်တာ၊ နာရီစင်နားက ငွေလဲလှယ်ပေးတဲ့ သူကို ဓားပြတိုက်တာ၊ အမျိုးသားတစ်ယောက်က ဟန့်တာလို့ သေနတ် ပစ်ဖောက်တာလို့ကြားတယ်၊ ပြီးတော့ သူတို့တွေ ကားနဲ့ ထွက်ပြေးသွားတယ်၊ တရုတ်လင်မယားလို့လည်းပြောတယ်၊ အဲ့တာတော့ သေချာမသိဘူး” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူသည် ဓားပြတိုက်ခံရမှုကြောင့် ၄င်းတို့၏ငွေထုပ်များလည်း ပါသွား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေလဲလှယ်ပေးသူသည် ယခင်ကတည်းက ထိုနေရာတွင် လုပ်ကိုင်လာတာဖြစ်ကြောင်း ဒေသခံက ဆိုသည်။

“သူတို့တွေက အဲ့မှာ ငွေလဲလှယ်ပေးတာ ကြာလှပြီ၊ မနက်ဆို လာတယ်၊ ညနေပိုင်း ဆိုင်သိမ်းပြန်တယ်၊ ဒီနေ့လည်း အဲ့လိုဆိုင်သိမ်းနေတုန်း ဓားပြတိုက်ခံရတယ်လို့ ကြားတယ်၊ ဒီမှာက ၇ နာရီလောက်ဆို အပြင်ထွက်တဲ့သူ သိပ်မရှိတော့ဘူး၊ အရင်လို မထွက်ကြတော့တာ၊ နိုင်ငံရေးလည်း မကောင်းတော့ အပြင်ထွက်တာ နည်းတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ထို နာရီစင်အနီးပတ်ဝန်းကျင်တွင် ငွေလဲလှယ်သည့်အခြားဆိုင်များလည်းရှိပြီး မြန်မာ – တရုတ် ငွေကျပ် လဲလှယ်ပေးတာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ်တွင် စစ်ကောင်းစီတပ်၊ ပြည်သူ့စစ်၊ ကချင်တပ်(KIA)၊ တအာင်း(ပလောင်)တပ်(TNLA)၊ သျှမ်းပြည်တိုးတက်‌ရေးပါတီ (SSPP) တပ်တို့ လှုပ်ရှားသွားလာနေသည့် ဒေသဖြစ်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...