သီပေါမြို့ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ

သီပေါမြို့ ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ၅၀၀ ကျပ်တန် ထမင်းဆိုင်ဖွင့်သည့် “နှလုံးသား ပရဟိတ” အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ထို နှလုံးသား ပရဟိတ အဖွဲ့ဝင် လူငယ် (၄)ဦးကို ဒီဇင်ဘာ (၁၈)ရက်နေ့က စစ်ကောင်စီနှင့် စရဖ တို့က မေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားကြောင်း သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘာကြောင့်ဖမ်းသွားလဲတော့ ကျနော်တို့ မသိဘူး။ ကျနော်တို့လည်း မနေ့ကမှ သိတာ။ စစ်သားနဲ့ စရဖတွေက မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတာလို့ပြောတယ်။ နှလုံးသား ပရဟိတ အဖွဲ့က လူငယ်တွေဘဲ။ (၄) ယောက် ဖမ်းသွားတယ်။ ဘယ်သူတွေလဲတော့ ကျနော်တို့လည်း အတိကျ မသိရသေးဘူး” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နှလုံးသား ပရဟိတ အဖွဲ့သည် ၂၀၂၁ ခုနှစ် ကိုဗစ် ၁၉ ကာလတွင်း စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ပရဟိတ လုပ်ငန်းများ၊ စားဝတ်နေရေးအဆင်မပြေသူများ၊ (၅၀၀)ကျပ်တန် ထမင်းဆိုင်ကို ဖွင့်လှစ်ပေးထားသည့် အဖွဲ့အစည်းဖြစ်သည်။

“သူတို့အဖွဲ့က ဖွဲ့စည်းထားတာတော့ မကြာသေးဘူး။ သူတို့က အကုန်လိုက်ကူညီပေးတယ်။ ကိုဗစ် လူနာတွေလည်း ကူညီပေးတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့သူလည်း ကူပေးတယ်။ အခုဆို သူတို့အဖွဲ့က (၅၀၀)တန် ထမင်းဆိုင် တွေကို ဖွင့်ထားပေးတာ” ဟု အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပရဟိတ အဖွဲ့အစည်းများကို ဖမ်းဆီးလာသောကြောင့် အဆိုပါ ဒေသခံ ပရဟိတ အဖွဲ့များလည်း စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ကျနော်တို့လည်း စိတ်မကောင်းပါဘူး။ သူတို့အဖွဲ့က လူငယ်တွေပဲလေ။ စစ်ကောင်စီ က ဒီလိုပရဟိတတွေကို ဖမ်းဆီးလာတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့။ ဒါပေမဲ့လည်း အန္တရာယ်မရှိအောင်တော့ ပရဟိတအလုပ်တွေ လုပ်ကိုင်သွားရမှာပဲ” ဟု သျှမ်းမြောက်အတွင်း အမည်မဖော်လိုသည့် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။

ထိုဖမ်းဆီးခံထားရသည့် နှလုံးသား ပရဟိတ အဖွဲ့ဝင် (၄)ဦးကို လားရှိုးထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် လူငယ်၊ ပရဟိတအဖွဲ့များ၊ ကျောင်းဆရာများကို နေ့စဉ်နီးပါး ဖမ်းဆီးနေကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...