မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ရမ်း သန်းပစ်ခတ်မှုကြောင့် နေအိမ်ထဲတွင်ရှိနေသည့် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ပြီးသေဆုံးသည်ဟု မင်းတပ်ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့အနောက်ရပ်ကွက်၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးဂိတ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က လူငယ်တစ်ဦးအား စစ်ဆေးနေစဉ်ထွက်ပြေးသွားသည့်အတွက် သေနတ်ဖြင့်လိုက်လံ ပစ်ခတ်ရာတွင် နေအိမ်ထဲတွင်ရှိနေသည့် အသက် ၄၀ ခန့်အရွယ်စိုက်ပျိူးရေးဝန်ထမ်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်ကာ ပွဲချင်းသေဆုံးသွားခဲ့သည်ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

“အဲဒီစစ်ဆေးဂိတ်မှာ စစ်တဲ့အချိန်မှာ ကလေးက ထပြေးသွားတော့ သူတို့က ခြောက်ပစ်ပစ်တော့ အိမ်ထဲမှာနေတဲ့ အစ်မ ကို သေနတ်ထိတာနောက်ကျောနေဝင်ပြီး ဗိုက်ကနေပြန်ထွက်ပြီးတော့ လက်ထိတယ် အိမ်ရှေ့တင်မှာပဲ ပွဲချင်းဆုံးသွား တာ၊ မနေ့ကတည်းက သဂြိုလ်ပေးလိုက်တယ်၊ ဒီနေ့တော့ သူ့မိဘတွေက အုတ်ဂူ လေးလုပ်ပေးချင်တယ်ဆိုတော့ လုပ် ပေးကြတယ်” ဟု မင်းတပ်ဒေသခံက ပြောသည်။

ကျည်ထိမှန်ပြီးသေဆုံးသွားသူမှာ အသက် ၄၀ နှစ်အရွယ် ဒေါ်လိန်းလိုင်ဆိုသူဖြစ်ပြီး စစ်ကာင်စီတပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ယမန်နေ့တွင်ချက်ချင်းသဂြိုလ်လိုက်ရသည်ဟု သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်ရမ်းသန်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့ ထွေအုပ်ရုံးမှ ဝန်ထမ်းအမျိုး သမီးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကျည်ဆံထိမှန်ကာ ယခင်ကလည်းသေဆုံးမှုရှိခဲ့သည့်အပြင် ကလေးငယ်တ စ်ဦးလည်း လက်နက်ကျည်ထိမှန်ပြီး ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့ဆောက်လုပ်ရေးလမ်းခွဲအနီးရှိ စစ်ဆေးရေးဂိတ်တွင်လည်း ကြားဒိုရွာမှ ခရစ်ယာန်ဓမ္မဆရာတော်တစ်ပါးကို CDF နှင့်ပတ်သက်သည်ဟုစွပ်စွဲကာ စစ်ဆေးမေးမြန်းရန် ၂၇၄ တပ်ရင်းသို့ ယမန် နေ့ညနေ ၅ နာရီခန့်က ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု The Mindat Post တွင် ဖော်ပြသည်။

ထို့အပြင် မင်းတပ်မြို့နယ် ရွှေအောင်သာနှင့် ကြည်းကျေးရွာအကြားတွင် အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီဖွဲ့နှင့် CDF-Mindat/ PDF-ကျောက်ထု ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ညနေ ၃ နာရီခွဲမှ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားကာ အကျအဆုံးရှိမရှိမသိရသေးပေ။ စစ်ကောင်စီတပ်သားများသည် ကြည်းကျေးရွာအတွင်းရှိ လူနေအိမ်များဖျက်ဆီးခြင်း၊ ဆိုင်ကယ်တစ်စီးမီးရကာ ကျပ်ငွေရှစ်သောင်းနှင့် ရွှေတစ်ကျပ်သားခွဲခိုးယူသွားကြသည်ဟု The Mindat Post တွင် ဖော်ပြထားသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...