ကလေးလေဆိပ်ကို ရက်အကန့်အသတ်မရှိပိတ်

ကလေးလေဆိပ်ကို ရက်အကန့်အသတ်မရှိပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်ကို ဒီဇင်ဘာလ ၆ ရက်နေ့ကစ၍ လေယာဉ်ပြေးဆွဲမှု အဝင်အထွက်အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်သည်ဟု သိရသည်။

“ကလေးလေဆိပ်ကိုပိတ်တာ အဝင်လည်းမရ အထွက်လည်းမရ ဘာကြောင့်ပိတ်လဲဆိုတာ ရုံးကနေလည်းမပြောနိုင်သေးဘူး၊ ဒီညနေ ၅ နာရီခွဲမှသတင်းသိရတယ်ဆိုတော့ ကျမတို့ လည်း မနက်ဖြန်ပြန်မယ့် ခရီးသည်တွေကို တချိန်လုံးဖုန်းခေါ်နေတာ” ဟု ကလေးမြို့မှ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ကလေးမြို့လေဆိပ်ကို ရက်ပေါင်းအတော်ကြာပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ယောနယ်တဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ကာ ကလေး-ဂန့်ဂေါ ကားလမ်းများအသုံးပြုမရဖြစ်နေပြီး ကလေး-ကလေးဝ ယာကြီးကားလမ်းသည်လည်း အစစ်အဆေးတင်းကြပ်ကာ ကားခစျေးနှုန်းမြင့်တက်နေမှုများကြောင့် ခရီးသွားပြည်သူများသည် လေကြောင်းဖြင့် ပိုမိုသွားလာနေကြသည်။

ကလေးလေဆိပ်သည် ကလေး ကဘော်ဒေသနှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် ပြည်မဘက်ခရီးသွားရာတွင် အဓိကအသုံးပြုသည့်လေဆိပ်ဖြစ်သည်။

ကလေးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ကလေးတောင်ပိုင်းရှိ ကျေးရွာအတော်များများမှ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...