သိန္နီ PDF များ ဖမ်းဆီးခံရဟုဆို

သိန္နီ PDF များ ဖမ်းဆီးခံရဟုဆို

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သိန္နီ PDF ) အဖွဲ့သားတချို့တို့သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြမည်သည့်နေရာသို့ ခေါ်ဆောင်ထားခြင်းကို မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိမှာ ကျနော်တို့ ရဲဘော် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံနေရပါတယ်၊ ဘယ်နေရာကို ဖမ်းခေါ်ထားလဲ ဆိုတာတော့ ကျနော်တို့ မသိရပါဘူး” ဟု သိန္နီ PDF ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ ၁ ရက် ည ၁၁ နာရီကျော်နှင့် ယနေ့ နိုဝင်ဘာလ ၂ ရက် မနက် ၅ နာရီကျော်တွင် သိန္နီ PDF ၏ စခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၀င်ရောက်စီးနင်းခဲ့စဥ်တွင် ကင်းစောင့်သည့် PDF တပ်ဖွဲ့ဝင် နှစ်ဦးက စစ်ကောင်စီတို့၏ ဖမ်းဆီးခြင်းကို ခံရကြောင်း ၎င်းက ဆက်ပြောသည်။

“TNPDF ရဲ့ ဗဟိုပင်မစခန်း အထွက်လမ်းမှာရှိတဲ့ ကင်းအဖွဲ့ နေရာယူထားတဲ့ ကင်းစခန်းမှာ ည ၁၁ နာရီ လောက် စစ်ကောင်စီတပ်ဘက်က အင်အား ၇၀ ခန့်နဲ့ စစ်ကြောင်းထိုးလာခဲ့တယ်၊ အဖမ်းခံရတာတော့ ကင်းကျတဲ့အဖွဲ့ ထဲက ရဲဘော်နှစ်ဦးပါ၊ ပထမတိုက်ပွဲမှာ ကျနော်တို့ဘက်က ကြီးကြီးမားမား မထိခိုက်ခဲ့ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့နောက် ဒီဇင်ဘာ ၂ ရက်နံနက် ၅ နာရီဝန်းကျင်အချိန်တွင် သိန္နီ PDF တို့၏ သင်တန်းလေ့ကျင့်ရေးစခန်းကိုလည်း စစ်ကောင်စီတို့က ထိုးစစ်ဆင်လာခဲ့ပြီး အပြန်အလှန် တိုက်ခိုက်ခဲ့သော်လည်း အင်အားမမျှသဖြင့် PDF ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“သင်တန်းကွင်းတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က သုံးယောက်ကျသွားပြီး ကျနော်တို့ဘက်က ၇ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်၊ နောက်တော့ ကျနော်တို့ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ သိန္နီ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် တိုက်ပွဲ (၃၁)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃၇)ဦး သေဆုံးကာ PDF ဘက်မှ (၁)ဦး ကျဆုံး၊ ဒဏ်ရာရရှိသူ (၂၉)ဦးနှင့် ၂ ဦး ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...