လားရှိုးမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံများထွက်ပြေး

လားရှိုးမြို့နယ်အတွင်းတိုက်ပွဲဖြစ် ဒေသခံများထွက်ပြေး

လားရှိုးမြို့နယ် အီနိုင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် အီနိုင်းကျေးရွာအတွင်း တပ်စွဲ စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် တပ်မတော် MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗမာစစ်သား (စစ်ကောင်စီတပ်ဖွဲ့) တွေက ရွာထဲမှာ စခန်းချနေတာ သုံးလေးရက်ရှိနေပြီ၊ သူတို့လူက အယောက် ၂၀ ဝန်းကျင်လောက်ပဲရှိမယ်၊ ရွာလယ်မှာ စခန်းချပြီးနေနေတာ၊ မနေ့က ကိုးကန့်တပ်က လာဝိုင်းပြီး ပစ်ကြတာ ဆိုတော့ မနေရဲတော့ဘူးလေ၊ တချို့က လားရှိုးမြို့ပေါ်က အမျိုးအိမ်နဲ့ တချို့ကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက်လုံးမှ လက်နက်ငယ်များဖြင့်ပစ်ခတ်မှုအပြင် စစ်ကောင်စီတပ်သားတို့ဘက်မှ လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများလည်းရှိကြောင်း လားရှိုးမြို့သို့ စစ်ဘေး ရှောင်ထွက်ပြေးလာရသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုသည်။

“စစ်ကောင်စီတပ်သားတွေက ရွာလယ်မှာ စခန်းချနေတာ ဆိုတော့ လာဝိုင်းတဲ့ ကိုးကန့်တွေကလည်း ရွာထဲက အိမ်တွေဘက်ကနေပြီးတော့ ပစ်ကြတာ၊ ရွာထဲကို လက်နက်ကြီးလည်း ကျတယ်၊ ကျည်ဆန်မှန်တဲ့အိမ်လည်း ရှိတယ်၊ ကျနော်တို့က ညတွင်းချင်း ပစ္စည်းသိမ်းပြီး မြို့ပေါ်က အမျိုးအိမ်မှာ တက်လာတယ်” ဟု လားရှိုးမြို့ပေါ် စစ်ရှောင်ရောက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ရွာထဲကျသည်အထိ ပြင်းထန်သည့် ပစ်ခတ်မှုတွေကြောင့် အီနိုင်းကျေးရွာခံ ပြည်သူများသည် နေအိမ် များကို စွန့်ခွာကာ လားရှိုးမြို့ပေါ်ရှိ အမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် ရောက်ရှိနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း အီနိုင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများက စစ်ဘေးဒဏ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...