အုပ်ကြီး နှစ်ဦး တစ်နာရီခြားပြီး ပစ်ခံရ

အုပ်ကြီး နှစ်ဦး တစ်နာရီခြားပြီး ပစ်ခံရ

ဒဂုံရှေ့နှင့် ဒဂုံမြောက် မြို့နယ်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦး နိုဝင်ဘာ ၂၄ ရက်နေ့နံနက်ပိုင်းက တနာရီခြား၍ သေနတ်ပစ်ခံရသည်ဟု ရပ်ကွက်တွင်းနေထိုင်သူများက ပြောသည်။

ရန်ကုန်မြို့ ဒဂုံံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင်ဆိုသူသည် နံနက် ၈ နာရီတွင် ရပ် ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် နံနက်စာ စားနေချိန်သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဆိုပါရပ်ကွက်အတွင်းကနေထိုင်သူ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက “ဒီရပ်ကွက်ထဲမှာ စစ် ကောင်စီ ဆန့်ကျင်တဲ့သူတွေ မိသားစုလိုက်ဖမ်းခံရတာတွေ ရှိခဲ့တယ်။ ဖမ်းဆီးရေးဆို သူထိပ်ဆုံးက။ ပစ်တဲ့ အချိန်က သူထပြေးသေးတယ်။ မလွတ်လိုက်တာ” ဟု ပြောသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ဦးတင်ထွန်းအောင်တွင် သေနတ်ဒဏ်ရာ ၄ ချက်ခန့်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရ သည်ဟု ရပ်ကွက်အတွင်းက ပြည်သူများက ပြောသည်။

ဦးတင်ထွန်းအောင်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သည့်အပြင် မြို့နယ် မဘသ အဖွဲ့ဝင်တစ်ဦး လည်းဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများကဆိုသည်။

နောက်တစ်နာရီ ကြာသောအခါ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၂၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်သည်လည်း ဇနီးဖြစ်သူနှင့် အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

၂၉ ရပ်ကွက်အတွင်း အငှားယာဉ်မောင်းနှင်သူ တစ်ဦး က “သူ့မိန်းမကတော့ သေသွားပြီ။ အုပ်ကြီးက ဗိုက်ကို တစ်ချက်မှန်တယ်။ သေတော့မသေသေးဘူး။ ဆေးရုံခေါ်သွားကြတယ်” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူးဦးမြင့်ကြည်သည် သခင်ဗဟိန်းလမ်းနှင့် မြမဉ္ဇူလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် လူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်ကြည်နှင့် ဇနီးဖြစ်သူတို့ နှစ်ဦးစလုံးကျည်ထိမှန်ခဲ့ပြီး ဇနီးဖြစ်သူမှာ ဦးခေါင်းကို ထိမှန်၍ သေဆုံးသွားသည်ဟု အငှားယာဉ် မောင်းနှင်သူက ဆက်ပြောသည်။

ရန်ကုန်ရှိမြို့ပြ ပြောက်ကျားတပ်ဖွဲ့များက အုပ်ချုပ်ရေးမှူးများအားလုံးကို နှုတ်ထွက်ကြရန် သတိပေးထားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး ၉ လကျော်အတွင်း မြန်မာနိုင်ငံအနှံ့ရှိ  မြို့နယ်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၂၄၀ ကျော် ရှင်းလင်းသုတ်သင်ခံရပြီးဖြစ်ကြောင်း မှတ်တမ်းပြုစုထားသူများက ဆိုသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...