အာဏာာရှင်ဆန့်ကျင်မှု ရပ်စောက်မြို့နယ်တွင် ဖမ်းဆီးခံရသူများ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံခဲ့ရ

အာဏာာရှင်ဆန့်ကျင်မှု ရပ်စောက်မြို့နယ်တွင် ဖမ်းဆီးခံရသူများ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံခဲ့ရ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း စစ်တပ်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ညောင်ရွှေအကျဥ်းထောင် (တောင်လေးလုံးထောင်)၌ ဖမ်းဆီးထိန်းသိမ်း ခံရသော ရပ်စောက်မြို့နယ်မှ ပြည်သူ ၆ ဦးကို ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

“တချို့က သပိတ်ကြောင်းမှာ ပါလို့ အဖမ်းခံရတဲ့သူတွေဖြစ်တယ်၊ ဒါပေမဲ့ တချို့က မတရားစွပ်စွဲချက်တွေနဲ့ အဖမ်းခံရတာ၊ ထောင်ထဲမှာပဲ တရားရင်ဆိုင်ရင်းနဲ့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ သူတို့ ၆ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို စားသောက်ဖွယ်ရာများ ဝေငှပေး သူများဖြစ်ကြသည့် ဦးမောင်မောင်တင့် (ခ) ကိုတူး၊ ကိုကာစင်၊ ကိုဇော်ဝင်းထွန်း၊ ကိုဇော်ထူးနှင့် အမည်မသိရ သေးသည့် ရပ်စောက်မြို့နယ်မှ ပြစ်ဒဏ်ချခံရသူ ၂ ဦးတို့ကို သဘာဝဘေးအန္တရာယ် ပုဒ်မဖြင့် စွဲဆိုထားရာမှ ထောင် ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်တပ်ကနေ အာဏာသိမ်းလိုက်တဲ့ ၉ လကျော် ၁၀ လ အတွင်းမှာ စစ်ကောင်စီက ဥပဒေကို အလွဲသုံးစားလုပ်ပြီး မူမမှန်တဲ့ လုပ်ဆောင်ချက်တွေရှိနေတယ်၊ အာဏာကလည်း သူတို့လက်ထဲမှာပဲရှိနေတော့ တရားခံဘက်ကလည်း အယူခံခွင့်မရှိဘူး၊ တရားမျှတမှုဆိုတာလည်း မရှိပါဘူး” ဟု ရပ်စောက်မြို့နယ်အတွင်းမှ ရှေ့နေတစ်ဦးကလည်း ပြောသည်။

ထို့အပြင် သျှမ်းပြည် အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင်လည်း အာဏာသိမ်းစစ်တပ်အားဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံ ထားရသည့် အသက် (၁၈)နှစ်မှ (၂၄)နှစ်အရွယ် လူငယ် (၅)ဦးကို အာဏာသိမ်းစစ်ကောင်စီ တရားရုံးက ထောင်ဒဏ် (၁၀)နှစ်မှ (၁၃)နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...